Homeပြည်တွင်းသတင်းမင်းအောင်လှိုင်ကိုလုပ်ကြံနိုင်ဖို့နီးစပ်ခဲ့တဲ့ Dark Shadow အဖွဲ့ဝင် ၂ ဦးစစ်ကြောရေးမှာကျဆုံး

မင်းအောင်လှိုင်ကိုလုပ်ကြံနိုင်ဖို့နီးစပ်ခဲ့တဲ့ Dark Shadow အဖွဲ့ဝင် ၂ ဦးစစ်ကြောရေးမှာကျဆုံး

၁၈ ဇူလိုင်၊ ၂၀၂၄

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်မြို့ပြပြောက်ကျား Dark Shadow အဖွဲ့ဝင် ၂ ဦးဟာ စစ်ကြောရေးမှာကျဆုံးသွားတယ်လို့ Dark Shadow အဖွဲ့က အတည်ပြုကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၈ ရက်က ရန်ကုန်မြို့ အမှတ်(၃) သန်လျင်တံတားဖွင့်ပွဲကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူတွေထဲက ၉ ဦးကို စစ်ကောင်စီတပ်တွေက အဲဒီနေ့မနက်မှာပဲ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ဇွန်လ ၁၄ ရက်မှာ မင်္ဂလာတောင်ညွှန့်နဲ့ လှိုင်သာယာမြို့နယ်တွေက လူငယ် ၄ ဦးကို ထပ်ဖမ်းခဲ့တာဖြစ်ပြီး အဲဒီ ၄ ဦးဟာ Dark Shadow ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၄ ရက်မှာ ဖမ်းဆီးခံရတဲ့ ၄ ဦးထဲက ရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်း၊ ရဲဘော် ဇော်ကြီး (ခ) ကိုထက်တို့ဟာ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ Dark Shadow အဖွဲ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၇ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၅၄၀၄ ဦးသေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေး

ဆက်စပ် သတင်းများ

Most read