Homeပြည်တွင်းသတင်းမုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်အပါအဝင် ဒေသ ၁၃ ခုမှာ ဩဂုတ် ၃ ရက်အထိ မိုးကြီးနိုင်

မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်အပါအဝင် ဒေသ ၁၃ ခုမှာ ဩဂုတ် ၃ ရက်အထိ မိုးကြီးနိုင်

၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်နဲ့ အားကောင်းနေတဲ့ မုတ်သုံလေကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ဩဂုတ် ၃ ရက်အထိ မိုးထစ်ချုန်းရွာပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဇူလိုင် ၂၈ ရက်မှာ သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဟယ်လ်ဒီယာမြို့အနီးကနေ ဖြတ်ကျော်နေတဲ့ အားကောင်းသောမုန်တိုင်းငယ်ဟာ အနောက်တောင်ဘက်ကို ရွေ့လျားပြီး မုန်တိုင်းငယ်အဖြစ် အားလျော့သွားပေမယ့် မြန်မာနိုင်ငံတဝန်း မိုးအားကောင်းစေမယ့် အခြေအနေ ဆက်ရှိနေပါတယ်။

အဲဒီမုန်တိုင်းငယ်နဲ့ မုတ်သုံလေအရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ ဩဂုတ် ၃ ရက်အထိ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ မိုးသည်းထန်နိုင်ပါတယ်။

ဒီနေ့ညနေအထိ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး ကျန်တိုင်းနဲ့ပြည်နယ်အများစုမှာလည်း မိုးထစ်ချုန်းရွာနိုင်တယ်လို့ နေ့စဉ်မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်ရွေ့လျားရာလမ်းတလျှောက် မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တနာရီကို ၃၅ မိုင်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်ပါတယ်။ မုတ္တမကွေ့နဲ့ မွန်–တနင်္သာရီကမ်းရိုးတန်းမှာ လေတိုက်နှုန်း တနာရီ မိုင် ၃၀ အထိရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်ပါတယ်။

ဒါ့အပြင် နောက်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးဆက်လက်ပိုလာနိုင်ပါတယ်။

ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်မှာရှိနေပြီး စစ်တောင်းမြစ်ရေကလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်မှာ ရှိနေပါတယ်။ အဲဒီမြစ်နှစ်စင်းဟာ လာမယ့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တာကြောင့် မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ကြိုတင်သတိထားဖို့ ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဇူလိုင်လဆန်းကစတင်ခဲ့တဲ့ ရေကြီးမှုကြောင့် ရပ်ကွက် ၁၈ ခုနဲ့ ကျေးရွာ ၂၀၁ ရွာက အိမ်ထောင်စု ၂၂,၁၉၅ စု၊ လူဦးရေ ၉၈,၂၈၂ ဦးအထိ ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် တောင်ကုန်းတောင်တန်းနဲ့ မြစ်ချောင်းအနီး နေထိုင်သူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ အထူးသတိထားဖို့ မိုးကြီးမှုသတိပေးချက်မှာ နှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – RFA

Related News

Most Read