၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ HIV ကူးစက်ခံရသူ စုစုပေါင်း ၂၃,၉၀၀ အထိ မှတ်တမ်းတင်ထားပြီး ကူးစက်မှုကို အနီးကပ်စောင့်ကြည့်ရမယ့် ခရိုင်တွေထဲမှာ ဆက်လက်ပါဝင်နေတယ်လို့ Thai PBS က ဖော်ပြပါတယ်။
နောက်ဆုံးအချက်အလက်တွေအရ HIV ကူးစက်ခံရသူအသစ် ၇၀၀ ခန့် ရှိခဲ့တာကြောင့် ချင်းမိုင်မှာ ပျမ်းမျှတရက်ကို ကူးစက်မှုအသစ် နှစ်ဦးနီးပါး စစ်ဆေးတွေ့ရှိနေရတာဖြစ်ပါတယ်။
ကူးစက်မှုအသစ်တွေထဲမှာ လူငယ်တွေနဲ့ အလုပ်လုပ်နိုင်တဲ့အရွယ် လူကြီးပိုင်းတွေ အများအပြားပါဝင်နေဆဲဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းမိုင်ခရိုင်အတွင်း နေထိုင်အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တိုင်းရင်းသားလူနည်းစုအသိုင်းအဝိုင်းတွေမှာလည်း သာမန်လူထုထက် HIV နဲ့ တခြားလိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားနေတယ်လို့ ဆိုပါတယ်။
အဲဒီအသိုင်းအဝိုင်းတွေဟာ ဘာသာစကားအခက်အခဲ၊ အလုပ်အကိုင်မတည်ငြိမ်မှုနဲ့ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုရယူဖို့ အကန့်အသတ်ရှိမှုတွေ ရင်ဆိုင်နေရတာကြောင့် ရောဂါစောစီးစွာစစ်ဆေးနိုင်ရေးနဲ့ ဆေးကုသမှုခံယူနိုင်ရေး ခက်ခဲနေကြပါတယ်။
မိမိမှာ HIV ကူးစက်ခံရနိုင်ခြေရှိတယ်လို့ စိုးရိမ်သူတွေအနေနဲ့ ချင်းမိုင်ခရိုင်အတွင်းရှိ ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ ထိုင်းနိုင်ငံသားတွေကတော့ အမျိုးသားကျန်းမာရေးအာမခံစနစ်အရ တနှစ်ကို HIV နှစ်ကြိမ် အခမဲ့စစ်ဆေးခွင့် ရရှိထားပါတယ်။
HIV ဟာ စောစီးစွာစစ်ဆေးတွေ့ရှိပြီး ဆေးဝါးပုံမှန်သောက်သုံးကုသနိုင်ရင် ကျန်းမာစွာ ဆက်လက်နေထိုင်နိုင်တဲ့ ရောဂါဖြစ်ပြီး ကူးစက်ခံထားရသူတွေအပေါ် ခွဲခြားဆက်ဆံခြင်းမပြုဖို့လည်း ကျန်းမာရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


