Homeပြည်တွင်းသတင်းစက်သုံးဆီအကျပ်အတည်းကြား စက်ဘီးနဲ့ ရုံးတက်လာတဲ့ နယ်သာလန်သံတမန်

စက်သုံးဆီအကျပ်အတည်းကြား စက်ဘီးနဲ့ ရုံးတက်လာတဲ့ နယ်သာလန်သံတမန်

၇ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနဲ့ ဆီပြတ်လပ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေချိန်မှာ နယ်သာလန်သံရုံးက အကြီးတန်းသံတမန်တစ်ဦးဟာ စက်သုံးဆီအသုံးလျှော့ချဖို့ ရုံးကို စက်ဘီးစီးသွားလာနေတယ်လို့ သိရပါတယ်။

နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံးအကြီးအကဲ ဝင်းမ် ဗန်ဒွေါန်က မြန်မာနိုင်ငံအတွင်း လောင်စာဆီအခက်အခဲတွေကြောင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို မြင်တွေ့ပြီးနောက် စက်ဘီးစီး ရုံးတက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံကို ရောက်ကတည်းက စက်ဘီးစီးပြီး ရုံးတက်ဖို့ စဉ်းစားဖူးပါတယ်။ ဒါပေမယ့် နေပူတာ၊ လုံခြုံရေးအခြေအနေနဲ့ အစည်းအဝေးတက်ဖို့ ကုတ်အင်္ကျီဝတ်ရတာတွေကြောင့် မလုပ်ဖြစ်ခဲ့ဘူး” လို့ ဝင်းမ် ဗန်ဒွေါန်က ဆိုပါတယ်။

ဒါပေမယ့် စက်သုံးဆီအကျပ်အတည်းကြောင့် ပြည်သူတွေ ရုန်းကန်နေရတာကို မြင်တွေ့ပြီးနောက် “တစ်စုံတစ်ခုတော့ ပါဝင်ကူညီချင်တယ်” လို့ ခံစားမိခဲ့ကြောင်းလည်း ပြောပါတယ်။

နယ်သာလန်နိုင်ငံမှာ စက်ဘီးစီးပြီး ရုံးတက်တာဟာ ပုံမှန်ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အလုပ်နေရာနဲ့ ၅ ကီလိုမီတာအတွင်း နေထိုင်သူအများစုဟာ ရာသီဥတုဆိုးရွားတဲ့နေ့တွေမှာတောင် စက်ဘီးအသုံးပြုကြတယ်လို့ သိရပါတယ်။

“ကျွန်တော် နယ်သာလန်မှာရှိတုန်းက နေ့တိုင်း စက်ဘီးစီးပြီး ရုံးတက်တယ်။ မိုးရွာတာ၊ နှင်းကျတာတွေရှိရင်လည်း ရေလုံဝတ်စုံဝတ်ပြီး သွားတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်ဘီးစီးသွားလာဖို့ ပိုမိုညှိနှိုင်းလုပ်ဆောင်ရပြီး စက်ဘီးလမ်းသီးသန့်မရှိတာကြောင့် ကားများတဲ့ လမ်းမကြီးတွေကို ရှောင်ကာ လမ်းသွယ်တွေကို အသုံးပြုရတယ်လို့လည်း ရှင်းပြထားပါတယ်။

“အိမ်က စောစောထွက်ရတယ်။ အားကစားဝတ်စုံဝတ်ပြီး သွားတယ်။ ရုံးရောက်တော့ ရေချိုးပြီး ကုတ်အင်္ကျီလဲဝတ်ရတယ်” လို့ ဆိုပါတယ်။

စက်ဘီးစီးခြင်းဟာ စက်သုံးဆီအသုံးပြုမှုကို လျှော့ချပေးနိုင်သလို ငွေကုန်သက်သာစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုလည်း နည်းပါးတယ်လို့ ဝင်းမ် ဗန်ဒွေါန်က ပြောပါတယ်။

ဒါ့အပြင် လမ်းပေါ်က လူမှုဘဝတွေကို ပိုမိုမြင်တွေ့ရသလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

“၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဉ်လေ့ကျင့်ခန်းတစ်ခု ဖြစ်နေပါတယ်” လို့လည်း သူက ပြောပါတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်ဟာ သေးငယ်တဲ့ အထောက်အကူတစ်ခုသာ ဖြစ်နိုင်ပေမယ့် စက်သုံးဆီအခက်အခဲကြောင့် ဒုက္ခရောက်နေသူတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ ပြချင်တာဖြစ်ကြောင်း ဝင်းမ် ဗန်ဒွေါန်က ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး