၂၇ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားမယ်လို့ စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကတိပြုပြောကြားလိုက်ပါတယ်။
ဧပြီ ၂၅ ရက် ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို မြန်မာ့နယ်နိမိတ်အတွင်း ခွင့်ပြုမှာ မဟုတ်ကြောင်း ၎င်းက ပြောဆိုခဲ့တာပါ။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အဟန့်အတားဖြစ်စေတဲ့ အွန်လိုင်းလောင်းကစားမှုတွေနဲ့ လိမ်လည်မှုခင်း (ကျားဖြန့်) တွေကို အမြစ်ပြတ်တဲ့အထိ ဆက်လက်နှိမ်နင်းသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ဆက်လက် ဆုပ်ကိုင်ထားမယ့်အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအမံတွေဖြစ်တဲ့ Global Development Initiative (GDI)၊ Global Security Initiative (GSI)၊ Global Civilization Initiative (GCI) နဲ့ Global Governance Initiative တို့ကို တက်ကြွစွာ ထောက်ခံအားပေးသွားမယ်လို့ ပြောဆိုပါတယ်။
ယင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကလည်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပေါ် တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ခံအားပေးသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။


