၃ ဧပြီ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုက တစ်ဖက်သတ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတဆင့် သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားလိုက်ပါတယ်။
ဧပြီ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စစ်အုပ်စုလက်ဝေခံ အမတ်တွေက မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး၊ စစ်အုပ်စုဝန်ကြီးချုပ် ဦးညိုစောကို ဒုသမ္မတ-၁ နဲ့ ကြံ့ဖွံ့ပါတီ လက်ဝေခံအမတ် ဒေါ်နီနီအေးကို ဒုသမ္မတ-၂ အဖြစ် တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မော်နင်က “တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းတာ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်ဝပြောရေးကို ဖော်ဆောင်တာတွေကို ထောက်ခံပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက်က “ရပ်ဝန်းနဲ့ ပိုးလမ်းမ” စီမံကိန်းအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။
သတင်းမီဒီယာတွေဖော်ပြချက်အရ တရုတ်အစိုးရဟာ မင်းအောင်လှိုင် သမ္မတရာထူးရယူမှုကို ပထမဆုံး ဂုဏ်ပြုထောက်ခံလာတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
တစ်ဖက်မှာတော့ မြန်မာပြည်သူလူထုအများစုက စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်နေကြပြီး၊ အဆိုပါ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ် သြဂုတ်လ ၃၀ ရက်က သမ္မတ ရှီကျင့်ဖျင့်နဲ့ မြန်မာနိုင်ငံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တီရန်ကျင့် ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ်က


