၃ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ စစ်တပ်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
နိုင်ငံတော် သမ္မတရွေးချယ်ပွဲကို ဒီကနေ့ ဧပြီ ၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်လွှမ်းမိုးတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ မဲအရေအတွက်အများဆုံး ၄၂၉ မဲ နဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။
စစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားတဲ့ ကိုကိုးကျွန်း မဲဆန္ဒနယ်က ဦးညိုစောက မဲအရေအတွက် ၁၂၆ မဲနဲ့ ဒုသမ္မတ-၁ နေရာမှာ ရွေးချယ်ခံရပြီး၊ အချိုးကျကိုယ်စားပြုစနစ် (PR) အရ ဖားအံမဲဆန္ဒနယ် အမှတ် (၂) က ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းနီနီအေးကတော့ မဲအရေအတွက် ၂၉ မဲနဲ့ ဒုသမ္မတ-၂ နေရာရွေးချယ်ခံခဲ့ကြရတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကနေ သမ္မတအာဏာ ပေးအပ်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း စစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြဝေဖန်နေပါတယ်။
နေ့စဉ် အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံးဆေးခန်းတွေကို လည်း မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။


