Homeပြည်တွင်းသတင်းမင်းအောင်လှိုင် သမ္မတဖြစ်ရေး အစီအမံကို အာဆီယံလူ့အခွင့်အရေး အမတ်တွေ ပြင်းထန်စွာရှုတ်ချ

မင်းအောင်လှိုင် သမ္မတဖြစ်ရေး အစီအမံကို အာဆီယံလူ့အခွင့်အရေး အမတ်တွေ ပြင်းထန်စွာရှုတ်ချ

၃၁ မတ် ၂၀၂၆ | New Day Myanmar

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (ASEAN Parliamentarians for Human Rights – APHR) က စစ်ကော်မရှင် စီမံထားတဲ့ အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတရာထူး တက်ရောက်နိုင်ဖို့ လုပ်ဆောင်နေမှုကို မတ်လ ၃၁ ရက်နေ့မှာ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။

APHR ရဲ့ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးက နုတ်ထွက်ပြီးနောက် စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ လွှတ်တော်မှတဆင့် ချက်ချင်း ဒုသမ္မတအဖြစ် ခန့်အပ်ခံရတာဟာ သမ္မတရာထူးတက်ရောက်ရေးအတွက် စီမံထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကော်မရှင်က အရပ်သားတွေကို သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူမျိုးစုနဲ့ ဘာသာရေးအနည်းစုတွေကို စနစ်တကျ ဖိနှိပ်နေသလို ရိုဟင်ဂျာတွေကိုပါ မျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ APHR က ထောက်ပြထားပါတယ်။

ဒါကြောင့် မင်းအောင်လှိုင် သမ္မတရာထူးတက်ရောက်လာတာဟာ အကြမ်းဖက်စနစ်ကို တရားဝင်ဖြစ်လာစေပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပိုမိုထိခိုက်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်ထားပြီး သူဟာမင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်သလို နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်စစ်ဆေးခဲ့သူဖြစ်တယ်လို့ APHR က ပြောပါတယ်။ ဒီခန့်အပ်မှုကြောင့် စစ်တပ်အာဏာဟာ မင်းအောင်လှိုင်လက်ထဲမှာ ဆက်လက်တည်ရှိနေမယ်လို့လည်း သုံးသပ်ထားပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ ဆက်လက်ဖြစ်နေချိန်မှာ ကျင်းပထားတာဖြစ်ပြီး တရားဝင်မှုမရှိသလို ပြည်သူဆန္ဒကို မထင်ဟပ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

APHR က ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်သူ့လှုပ်ရှားမှုတွေကို မပြောင်းမလဲ ထောက်ခံမှုရှိနေဆဲဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသူတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ASEAN၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကော်မရှင်ရဲ့ အာဏာယူမှုကို ရှုတ်ချဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေကို ထောက်ခံပံ့ပိုးဖို့ တိုက်တွန်းထားပါတယ်။

APHR က မြန်မာအရေးအပေါ် တုံ့ပြန်မှုတွေဟာ ပြည်သူဆန္ဒ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီသို့ ကူးပြောင်းရေးကို အခြေခံရမယ်လို့ ထောက်ပြထားပြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုခြင်းဟာ အကြမ်းဖက်မှုတွေနဲ့ အပြစ်မှလွတ်ကင်းမှုတွေကို တရားဝင်ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး