Homeနိုင်ငံတကာသတင်းအရှုံးကို သဘောတူညီချက်လို မဖော်ပြနဲ့လို့ အမေရိကန်ကို အီရန်စစ်တပ် ပြော

အရှုံးကို သဘောတူညီချက်လို မဖော်ပြနဲ့လို့ အမေရိကန်ကို အီရန်စစ်တပ် ပြော

၂၅ မတ်လ ၂၀၂၆ | New Day Myanmar

အီရန်စစ်တပ်ရဲ့ ပင်မဗဟိုစစ်ဌာနချုပ် Khatam al-Anbiya Central Headquarters ရဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုလဖာဂါရီက အမေရိကန်ကို ရည်ရွယ်ပြီး အရှုံးကို သဘောတူညီချက်လို့ မဖော်ပြနဲ့ လို့ မတ်လ ၂၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အဲ့ဒီပြောဆိုချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို တိုက်ရိုက်အမည်မခေါ်ပေမယ့် အမေရိကန်ဘက်ကို ရည်ညွှန်းတဲ့ သဘောထား ထင်ရှားနေပါတယ်။

အီရန်သတင်းမီဒီယာတွေက ရုပ်သံနဲ့ ထုတ်ပြန်လာတဲ့ အဆိုပါပြောကြားချက်မှာ ဇိုလဖာဂါရီက “ခင်ဗျားရဲ့ အတွင်းရေး ကိစ္စက ကိုယ်ဟာကိုယ် ဆွေးနွေးရတဲ့ အဆင့်ထိ ရောက်နေပြီလား” လို့လည်း မေးခွန်းထုတ်ထားပါတယ်။

ဒီပြောဆိုချက်ဟာ အီရန်ဘက်က ဝါရှင်တန်နဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အဆိုတွေကို နောက်ဆုံးအကြိမ် ထပ်မံ ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ ထရန့်ဘက်ကတော့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ အခိုင်အမာ ပြောနေသလို၊ အမေရိကန်ဘက်က ငြိမ်းချမ်းရေးအဆိုတစ်ခု ပို့ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် မနေ့က ထရန့်က “အီရန်မှာ သင့်တော်တဲ့ လူတွေကို ကျွန်တော်တို့ ဆက်သွယ်နေပါတယ်” လို့ ပြောပြီး၊ အီရန်ဘက်က သဘောတူညီချက်တစ်ခု ရယူချင်စိတ် အလွန်ပြင်းပြနေတယ်လို့လည်း ဆိုပါတယ်။

“သူတို့ ကျွန်တော်တို့နဲ့ ဆက်သွယ်နေပြီး၊ ပြောဆိုတာတွေမှာ အဓိပ္ပါယ်ရှိနေပါတယ်” လို့လည်း ထရန့်က ပြောခဲ့ပါတယ်။

ထရန့်ရဲ့ ယခုရပ်တည်ချက်ဟာ ရက်အနည်းငယ်အကြာက ပြောဆိုထားတဲ့ အနေအထားနဲ့ မတူဘဲ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာပါတယ်။ ယခင်က အီရန်ဘက်က ဟော်မုဇ်ရေကြောင်းကို အပြည့်အဝ ပြန်ဖွင့်မပေးရင် အီရန်ရဲ့ လျှပ်စစ်စက်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။

ဟော်မုဇ်ရေကြောင်းဟာ ရန်သူနိုင်ငံတွေ ရဲ့ သင်္ဘောတွေကို အီရန်ဘက်က ခြိမ်းခြောက်ထားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အဆိုပါ ခြိမ်းခြောက်ချက်ရဲ့ သတ်မှတ်ချိန်ကုန်ဆုံးမယ့် မနက်မတိုင်ခင် နာရီအနည်းငယ်အတွင်း၊ အမေရိကန်စျေးကွက်တွေ ပြန်လည်ဖွင့်လှစ်မယ့်အချိန်နဲ့ တိုက်ဆိုင်နေချိန်မှာ ထရန့်က တိုက်ခိုက်မှုအစီအစဉ်ကို ငါးရက်ရွေ့ဆိုင်းမယ်လို့ ပြောခဲ့ပြီး သံတမန်ရေးဆိုင်ရာ တိုးတက်မှုရှိနေတယ်လို့ ပြောထားပါတယ်။ အီရန်ဘက်ကတော့ ဒီအချက်ကိုလည်း ငြင်းဆိုထားပါတယ်။

ဇိုလဖာဂါရီကတော့ “ကျွန်တော်တို့ရဲ့ ဆန္ဒ ပြည့်မီမချင်း အရင်တုန်းကလို ဆီစျေးနှုန်းတွေ၊ အရင်ပုံစံ ပြန်မရနိုင်ပါဘူး” လို့ ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး