၁၇ မတ်လ ၂၀၂၆ ၊ New Day Myanmar
စက်သုံးဆီအခက်အခဲကြောင့် ဒီကနေ့ မတ်လ ၁၇ရက်ကနေစတင်ပြီး အိမ်အရောက် ဆန်ပို့ဆောင်ရောင်းချမှုစနစ်ကို ရပ်နားလိုက်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့တဝှမ်းဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေအရ Home Deliveryကိုအချိန်နဲ့အညီပေးပို့ဖို့ အခက်အခဲရှိနေတာကြောင့်လို့ မနေ့က မတ်လ ၁၆ ရက် ရက် စွဲနဲ့ ထုတ်ပြန်ထားတာပါ။
လက်ရှိငွေကြိုသွင်းပြီးသား ဝယ်ယူသူတွေကိုတော့ ဆက်လက်ပို့ဆောင်မှာဖြစ်ပြီး၊ ပြန်လည်ပို့ဆောင်မယ့်ရက်ကို ထပ်မံကြေညာပေးမယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် စက်သုံးဆီအခက်အခဲကြောင့် ရန်ကုန်မြို့လိုနေရာမျိုးမှာ ကားနဲ့အိမ်အရောက်ပို့ဆောင်နေတဲ့ Delivery တွေအ ခက်အခဲကြုံနေရပြီး၊ စက်ဘီးကိုသာ အားပြုပို့ဆောင်ပေးနေရတယ်လို့ ရန်ကုန်မြို့နေ Delivery လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
“ဘတ္ထီဘီးကလည်း မိရင်ဖမ်းတယ်။ကားနဲ့ကျတော့လည်း ဆီအခြေအနေကြောင့် တစ်ကြောင်းလောက်ဘဲပေါင်းပြီး ပို့နိုင်တယ်။ ကျန်တဲ့ way တွေကိုတော့စက် ဘီးနဲ့ သွားကြတယ်၊ အခုက မှာသူလည်း ပါးလာပါပြီ။ စက်သုံးဆီဂယက်ကြောင့် ကုန်ဈေးနှုန်းပါ လိုက်တက်လာတာ။လုပ် ငန်းဖြုတ်ဖို့တောင် စဉ်းစားနေတာ”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) က ထုတ်ပြန်ချက်အပေါ်ကိုလည်း “နိုင်ငံ တော်အဆင့် ပြည်တွင်းဆန်ရောင်းဝယ်ပေးတာတောင် စက်သုံးဆီအခက်အခဲဖြစ်တယ်ဆိုတော့ ကျန်တဲ့လုပ်ငန်းတွေရဲ့ အခြေအနေကို တွက်ကြည့်လို့ရတယ်၊ ဘယ်သူကိုမှအပြစ်ပြောလို့မရဘူးလေ။ ဒါက နိုင်ငံတကာမှာဖြစ်နေတာဘဲ “လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။
လတ်တလော ရန်ကုန်မှာအခြေခံစားသောက်ကုန်အားလုံးဈေးတရိပ်ရိပ်မြင့်တက်လာသလို ဆန်စျေးကလည်း အမျိုးအစားအလိုက် ၂၄ပြည် တစ်အိတ်ကို ကျပ် ၁၀,၀၀၀ ကနေ ၂၅,၀၀၀ ဝန်း ကျင် မြင့်တက်သွားတယ်လို့ သိရပါတယ်။
New Day Myanmar ရဲ့ကနဦး အခြေခံစားသုံးကုန်ဈေးနှုန်းကောက်ယူချက်အရ
မြစ်သားကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ မုံရွာကြက်သွန် နီတစ်ပိဿာ ၃၅၀၀ ကျပ်ဖြစ်ကာ ယခင်လများထက် ဈေးမြင့်တက်လာနေပါတယ်။
ကြက်သွန်ဖြူဈေးမှာလည်း ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဗမာ-ထူးကြက်သွန်ဖြူတစ်ပိဿာ ၁၂၀ ၀၀ ကျပ်နဲ့ အရွယ်အစားအလို ၁၄၀၀၀ -၁၅၀၀၀ ကျပ် ဈေးများရှိနေပြီး ယခင်လထက် ဈေးမြင့်တက်လာပါတယ်။
အလားတူ အာလူး တစ်ပိဿာကျပ် ၉၀၀၀ ကနေ၁၀၀၀၀ ကျပ်ဈေးများရှိပြီး ပဲအမျိုးမျိုးမှာ ကုလားပဲခြမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ပဲဝါလေးတစ်ဆယ်သား ၁၃၀၀ ကျပ်၊ ပဲနီလေးတစ်ဆယ်သား ၂၀၀၀ ကျပ်ဈေးရှိနေပါတယ်။
ပြည်တွင်း စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ကြေညာထားပေမယ့် စစ်ကော် မရှင်ရဲ့ စက်သုံးဆီကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒတွေကြောင့် သွားလာရေးအခက် အခဲတွေက ပိုကြပ်တည်းလာတယ်လို့လည်း ရန်ကုန်မြို့နေပြည်သူတွေကကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ-MRF


