၄ မတ် ၂၀၂၆ ၊ New Day Myanmar
မြန်မာနိုင်ငံမှာ စက်သုံးဆီ အရန်ပမာဏ ရက် ၄၀ ခန့်အထိ လုံလောက်နေတယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အဲဒီပြောဆိုချက်ကို စစ်ကော်မရှင် ခွင့်ပြုထားတဲ့ ဝါဒဖြန့် သတင်းဌာနတခုကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
သူ့အဆိုအရ လက်ရှိ ပြည်တွင်းမှာ ဓာတ်ဆီ တစ်ရက် ပျမ်းမျှသုံးစွဲမှု ၁ ဒသမ ၃ သန်းဂါလန်ခန့်ရှိပြီး လက်ရှိ ဓာတ်ဆီ လက်ကျန် ဂါလန်သန်း ၆၀ ခန့်သို့လှောင်ထားတယ်လို့ ဆိုပါတယ်။ ဒီဇယ်ဆီကတော့ တစ်ရက် ပျမ်းမျှသုံးစွဲမှု ၂ သန်းဂါလန်ခန့်ရှိပြီး လက်ကျန် ဂါလန် သန်း ၇၀ နီးပါးရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ဆိပ်ကမ်းတွေမှာ စက်သုံးဆီချရန် စောင့်ဆိုင်းနေတဲ့ ဆီတင်သင်္ဘော ၂ စီးရှိနေပြီး မြန်မာနိုင်ငံကို ဦးတည်လာနေတဲ့ ဆီတင်သင်္ဘော ၁၄ စီးလည်း ရှိနေတယ်လို့ သိရပါတယ်။
အဲဒီ လက်ကျန်ပမာဏနဲ့ ဝင်ရောက်လာမယ့် ဆီပမာဏတွေကို ထည့်တွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စက်သုံးဆီ အရန်ပမာဏ ရက် ၄၀ ခန့်အထိ လုံလောက်နိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီ ချိုးခြံချွေတာရေး စီမံချက်တွေ ထုတ်ပြန်ထားတာဟာ ဆီပြတ်လပ်မှုကြောင့် မဟုတ်ဘဲ ရေရှည်တည်ငြိမ်မှုအတွက် ကြိုတင်စီမံတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
လတ်တလောမှာတော့ မြို့ကြီးတချို့မှာ စက်သုံးဆီဆိုင်တွေမှာ ကားနဲ့ ဆိုင်ကယ်တွေ တန်းစီဝယ်ယူနေကြတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။


