၂၅ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တပ်ဖွဲ့ ၅ နှစ်ပြည့် သဝဏ်လွှာအရ အထူးလှုပ်ရှားတပ်မ (MDY-PDF) ဟာ နွေဦးတော်လှန်ရေးအတွင်း အရေးပါတဲ့ အင်အားစုတစ်ခုဖြစ်ပြီး စုစည်းကျစ်လစ်မှု၊ စစ်ပုံကျမှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေမှာ ထူးခြားပြောင်မြောက်ကာ လူထုရဲ့ ယုံကြည်အားကိုးမှု ရရှိထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်တယ်လို့ ချီးကျူးဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) / MDY-PDF ကို NUG စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ “အထူးလှုပ်ရှားတပ်မ” အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ တပ်ဖွဲ့တည်ထောင်မှု ငါးနှစ်ပြည့်မြောက်တဲ့ ယနေ့မှာ ကြေညာလိုက်ပါတယ်။
MDY-PDF ကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း အခြေစိုက် လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
တပ်ဖွဲ့ငါးနှစ်တာကာလအတွင်း ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်း–မန်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့တွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ နယ်မြေသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် မိုးကုတ်မြို့ကို မဟာမိတ်အဖွဲ့တစ်ဖွဲ့က စစ်တပ်ဘက်ကို ပြန်လည်လွှဲပြောင်းပေးအပြီး ဖြစ်ပွားခဲ့တဲ့ တန်ပြန်ထိုးစစ်အတွင်း MDY-PDF အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေဟာ ထိန်းချုပ်နယ်မြေအချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
MDY-PDF အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကာ စည်းလုံးညီညွတ်ခိုင်မာတဲ့ ပြည်ထောင်စုတပ် တည်ဆောက်ရေးအတွက် အင်အားစုအသီးသီးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – MDY-PDF


