၅ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တက္ကသိုလ်က စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ (Honorary Doctor of Public Administration – D.P.A honoris causa) ကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ပါရဂူဘွဲ့ အပ်နှင်းပွဲကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကော်မရှင် အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ တက်ရောက်ခဲ့ကြပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့တဲ့ စွမ်းဆောင်ချက်တွေကြောင့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းရတာဖြစ်တယ်လို့ စစ်ကော်မရှင် ရဲ့ ပညာရေးဝန်ကြီးက ပြောထားပါတယ်။
အခမ်းအနားကို စစ်ကော်မရှင်အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးညိုစောနဲ့ ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဇနီး၊ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အဆင့်မြင့်အရာရှိတွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို စစ်ခေါင်းဆောင်ကို ရန်ကုန်တက္ကသိုလ်အဆင့်ကနေ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


