၂ ဖေဖော်ဝါရီ ၂၀၂၆
ဥရောပသမဂ္ဂ ဟာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်နေရတဲ့ ပြည်သူတွေ၊ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးဖို့ လူသားချင်းစာနာမှု အကူအညီအဖြစ် ယူရိုငွေ ၆၃ သန်းကို ထောက်ပံ့ပေးလိုက်ပါတယ်။
ဥရောပကော်မရှင် ရဲ့ ထုတ်ပြန်ချက်အရ ဒီရန်ပုံငွေဟာ စစ်အာဏာသိမ်းပြီး ငါးနှစ်ပြည့်ကာလကို ရောက်ရှိလာချိန်မှာ ကြေညာခဲ့တာဖြစ်ပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသတွေအတွက် ၂၀၂၆ ခုနှစ် EU ရဲ့ ကနဦး လူသားချင်းစာနာမှု ရန်ပုံငွေခွဲဝေမှုအတွင်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံအတွက် ယူရိုငွေ ၃၈.၆ သန်းကျော်ကို အစားအစာအကူအညီ၊ အရေးပေါ်အာဟာရပံ့ပိုးမှု၊ အတင်းအကျပ် နေရပ်စွန့်ခွာရသူတွေ အတွက် အမိုးအကာ၊ သန့်ရှင်းရေနဲ့ အညစ်အကြေးစနစ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးရေးနဲ့ အရေးပေါ်ပညာရေး ကဏ္ဍတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်တော့ ယူရိုငွေ ၂၃.၄ သန်းကို ခွဲဝေပေးထားပြီး Cox’s Bazar ဒေသအပါအဝင် နိုင်ငံအတွင်း နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းခန့်နဲ့ ဒေသခံလူထုတွေကို စားနပ်ရိက္ခာ၊ အာဟာရ၊ စခန်းအမိုးအကာ ပြုပြင်ထိန်းသိမ်းရေး၊ အရေးပေါ်ပညာရေးနဲ့ ရေသန့်စနစ်တွေ အတွက် အသုံးပြုသွားမယ်လို့ EU က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာအရေးရဲ့ သက်ရောက်မှုကြောင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ထိုင်း တို့မှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ ဒေသခံလူထုတွေကို ကူညီပံ့ပိုးဖို့ ယူရိုငွေ ၁ သန်းကိုလည်း ထပ်မံ ခွဲဝေပေးသွားမယ်လို့ သိရပါတယ်။
EU ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေကတဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေများနှင့် အကျပ်အတည်း စီမံခန့်ခွဲရေးဆိုင်ရာ EU ကော်မရှင်နာ Hadja Lahbib က မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပြင်းထန်လာခဲ့တာ ငါးနှစ်ပြည့်လာပြီဖြစ်ပြီး EU အနေနဲ့ ပဋိပက္ခဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရတဲ့ ပြည်သူတွေနဲ့ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ဆက်လက် ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ခံအချက်အလက်အရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု လိုအပ်ချက်တွေ မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အကူအညီလိုအပ်သူ ၁၆ သန်းကျော်ရှိနေကာ အဲဒီထဲက ၃.၆ သန်းကျော်ဟာ အတင်းအကျပ် နေရပ်စွန့်ခွာရသူတွေ ဖြစ်ပါတယ်။ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက်လည်း နေရပ်ပြန်ရေးက မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။


