မိုးကုတ်မြို့အပါ မန္တလေးတိုင်းထဲကနယ်မြေတွေကာကွယ်ဖို့ အညာတော်လှန်ရေးမိတ်ဖက်စစ်သည်တွေ စေလွှတ်ကာကွယ်နေ
၃၀ အောက်တိုဘာ ၂၀၂၅
ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲကနယ်မြေတွေကို ဆက်လက် ကာကွယ်သွားမယ်လို့ TRI ဗျူဟာက ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာကြေညာလာခဲ့သလို မိုးကုတ်မြို့အပါ မန္တလေးတိုင်းထဲကနယ်မြေတွေကို ပူးပေါင်းကာကွယ်ဖို့ အညာတော်လှန်ရေးမိတ်ဖက်စစ်သည်တွေ စေလွှတ်ထားပြီး တိုက်ခိုက်ကာကွယ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ နယ်မြေတွေရဲ့တော်လှန်ရေးဆိုင်ရာလုပ်ငန်းတွေကို အားအင်အပြည့်နဲ့ကြိုးစားဆောင်ရွက်နေပြီး၊ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့တွဲဖက်ပြီး ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီကို အခက်ခဲတွေကြားကနေဆက်လက်တိုက် ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း TRI ဗျူဟာကကတိသစ္စာပြုထားပါတယ်။
တအာင်းတပ်မတော် (TNLA)က မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကနေ ဆုတ်ခွာဖို့ စစ်အုပ်စုနဲ့ သဘောတူ အပစ်ရပ်စဲတယ်လို့ ကြေညာပြီးနောက် မန္တလေး PDF၊ မိုးကုတ်ဗျူဟာတို့က ထိန်းချုပ်နယ်မြေတွေ ကာကွယ်သွားမယ်လို့ကြေညာခဲ့သလို စဉ့်ကူး၊ သပိတ်ကျင်းနယ်မြေခံအများစုကိုလည်း TRI ဗျူဟာက ကာကွယ်သွားမာ်လို့ သူတို့ရဲ့ သဘောထားကို ကြေညာခဲ့တာဖြစ်ပါတယ်။
မိုးကုတ်နဲ့ မန္တလေးတိုင်းအတွင်းက တော် လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်မယ့် သူတွေဟာ မြင်းခြံခရိုင်အခြေစိုက် ကျားမဲတပ် (Myingyan Black Tiger (MBT) တောင်ပေါ်စစ်ကူအဖြစ်နဲ့ မိုးကုတ်မြို့ကို ရာနဲ့ချီပို့လွှတ်ကာ ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေကြပြီဖြစ်ပါတယ်။
ကျားမဲအဖွဲ့ဟာ ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း ရာနဲ့ချီပါဝင်တိုက်ခိုက်ပေးခဲ့တဲ့ တပ်ဖွဲ့တစ်ခုလည်းဖြစ်သလို TRI ဗျူဟာ အမျိုးသားညီ ညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာန၊ မန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအာက်မှာရှိတဲ့ စစ်ဗျူဟာတခုလည်းဖြစ်ပါတယ်။
ဓာတ်ပုံ- TRI ဗျူဟာ တပ်ဖွဲ့ဝင်များ


