Homeပြည်တွင်းသတင်းလူသားချင်းစာနာမှုအကူအညီတိုက်ရိုက်ပေးဖို့ စစ်ခေါင်းဆောင်ကို ICRC ဥက္ကဋ္ဌ လာရောက်တွေ့ဆုံ

လူသားချင်းစာနာမှုအကူအညီတိုက်ရိုက်ပေးဖို့ စစ်ခေါင်းဆောင်ကို ICRC ဥက္ကဋ္ဌ လာရောက်တွေ့ဆုံ

၁၀ စက်တင်ဘာ၊ ၂၀၂၄

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Ms Mirjana Spoljaric Eggerနဲ့အဖွဲ့ဟာ မြန်မာပြည်တွင်း လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ တိုက်ရိုက်ပေးနိုင်ဖို့အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စက်တင်ဘာ ၉ ရက်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို မရောက်စေဖို့ နဲ့ စစ်ကောင်စီရဲ့ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ ဂျနီဗာကွန်ဗင်းရှင်းနဲ့ အညီလုပ်ဆောင်နေတယ်လို့ ICRC ဥက္ကဋ္ဌကို ပြောခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ လူ ၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀ နီးပါး ဒဏ်ရာရထားပြီးနောက်ပိုင်းမှ စစ်ခေါင်းဆောင်နဲ့ ICRC ဥက္ကဋ္ဌ တွေ့ဆုံကြတာလဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC ဥက္ကဋ္ဌ နဲ့ စစ်ခေါင်းဆောင် တို့ နေပြည်တော်မှာ တွေ့ဆုံမှုနဲ့ ရလဒ်တွေကို ICRC ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ICRC ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ရက်အတွင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နဲ့ တွေ့ဆုံထားတာကိုတော့ စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲနဲ့ ICRC မြန်မာဘက်က သတင်းထုတ် ပြန်ထားပါတယ်။

ICRC အဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အကျဥ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသားတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတဝန်း လူသားစာနာကူ ညီ ကယ်ဆယ်ရေးတွေမှာ ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူးလို့ ဝေဖန်ခံနေရပါတယ်။

မြန်မာကြက်ခြေနီအသင်းကလည်း ထိုင်းနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်လူ ၂၀၀၀၀ စာအတွက် လူသား ချင်းစာနာမှုအကူအညီပေးတာကို တကယ်လိုအပ်နေတဲ့သူတွေဆီ မရောက်ဘဲ စစ်ကောင်စီဘက်ကို ပေး ဝေခဲ့တယ်လို့ ဝေဖန်ခံထားရပါတယ်။

ပုံစာ – (စစ်ခေါင်းဆောင်နဲ့ ICRC ဥက္ကဋ္ဌတို့အဖွဲ့ စက်တင်ဘာ ၉ ရက်က နေပြည်တော်မှာတွေ့ဆုံစဉ် )

Photo – စစ်ကောင်စီ

Related News

Most Read