Homeပြည်တွင်းသတင်းထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက အမြတ်ထုတ်နေတယ်လို့ HRW ပြော

ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက အမြတ်ထုတ်နေတယ်လို့ HRW ပြော

၁၅ ဇူလိုင် ၂၀၂၅

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်းနေထိုင်ဖို့ ရောက်လာကြတဲ့မြန်မာနိုင်ငံသားများတွေထံကနေ ထိုင်းအာဏာပိုင်တွေက အလွဲသုံးစားလုပ် အမြတ်ထုတ်နေတယ်လို့ Human Right Watch (HRW) က မနေ့က ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လုံခြုံ‌ရေးအားနည်းတာကြောင့် ဘေးကင်းလုံခြုံဖို့ ထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေကခြိမ်းခြောက် ငွေညှစ်တာ၊ ဖမ်းဆီးထိန်း သိမ်းတာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ HRW က ဖော်ပြထားပါတယ်။

HRWရဲ့ အသိပေးချက်ထဲမှာထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေကို “လမ်းလျှောက် ATM စက်များ” လို့ ရည်ညွှန်းနေကြပြီး မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ပို့ခံရမယ့်ခြိမ်းခြောက်မှုတွေအောက်မှာ နေထိုင်နေရတာဖြစ်တယ်လို့ HRW ကဆိုထားပါတယ်။

ဒါအပြင် မဲဆောက်မြို့မှာရှိတဲ့အထောက်အထားမဲ့ မြန်မာတွေဟာ

မသွားရဲ မလာရဲကြဘဲ အမြတ်ထုတ် ခေါင်းပုံဖြတ်မယ့် ထိုင်းရဲတွေနဲ့ ထိုင်းအာဏာပိုင်တွေမြင်ကွင်းအောက်ကနေ တိမ်းရှောင်နေထိုင် နေရတယ်လို့ဆိုပါတယ်။

HRW အခွင့်အရေးဆိုင်ရာ သုတေသီ Nadia Hardman က “ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တာဝန်ပျက်ပြားမှုတွေကနေ ထွက်ပြေးပြီးတဲ့နောက် မြန်မာ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အကာအကွယ်တွေ လိုအပ်ပါတယ်။ အဲဒီအစား ထိုင်းက သူတို့ကို လုံခြုံတဲ့ တရားဝင် အနေအထားကို ငြင်းပယ်ပြီး အာဏာပိုင်တွေက အဲဒီ အားနည်းချက်ကို အသုံးချပြီး ခြိမ်းခြောက် ငွေညှစ်တယ်” ဟု ဆိုထားသည်။

ထိုင်းနိုင်ငံအနေနဲ့ ဖိနှိပ်တာ သို့မဟုတ် နိုင်ငံရဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးသွားတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက်လတ်တလော လိုအပ်ချက်တွေကို အသိအမှတ်ပြုကာ ယာယီကာကွယ် ရေးမူဘောင်ကို မိတ်ဆက်ပေးသင့်တယ်လို့ HRW က တိုက်တွန်းထားပါတယ်။

HRW အနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကိုလည်း မြန်မာနိုင်ငံကို အတင်းအကြပ် ပြန်ပို့ခြင်းမျိုး မပြုလုပ်ဖို့ တောင်းဆိုထားပြီး မြန်မာနိုင်ငံက‌နေ ထွက်ပြေးလာတဲ့သူတွေကို ခိုလှုံခွင့်ရှာဖို့ နဲ့ ပြန်ပို့ခြင်းကနေ ကာကွယ်ရန် နယ်မြေအတွင်းကို ဝင်ရောက်ခွင့်ပြုရမယ်လို့ ဆက်လက်တောင်းဆိုထားပါတယ်။

ပုံစာ – မဲဆောက်မှာ မြန်မာနိုင်ငံသားတယောက်ကို တားစီးစစ်ဆေးနေတဲ့ ထိုင်းရဲ

ဓါတ်ပုံ – RFA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး