၁၆ ဖေဖော်ဝါရီ၊ ၂၀၂၅
ယနေ့ဖေဖော်ဝါရီ ၁၆ ရက်မနက်အစောပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေဟာ လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကိုအင်းစိန်အကျဉ်းထောင်ကနေခေါ်ထုတ်သွားခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းကနေ စစ်တွေကိုပို့ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကနေ သိရပါတယ်။
ယင်းတွင် ကလေးသူငယ်များလည်းပါဝင်ပြီး အမျိုးသား/အမျိုးသမီး(၉၃၆)ဦး ရှိတယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက နိုင်ငံတဝန်းကလွတ်ရက်စေ့ရိုဟင်ဂျာတွေကို အင်းစိန်အကျဉ်းထောင်မှာ စုထားတယ်။ ဒီနေ့မနက် ၆ နာရီလောက်ကစပြီး အင်းစိန်ထောင်မှာစုထားတဲ့ လူဦးရေ ၉၃၆ ဦးကိုရေကြောင်း အသုံးပြုပြီးမှ ရန်ကုန်ဆိပ်ကမ်းကနေတဆင့် ခေါ်ဆောင်သွားပြီဖြစ်တယ်။ စစ်တွေပို့ဖို့ရှိတယ်။ ခေါ်ဆောင်သွား ခံရတဲ့ အမျိုးသားအရေအတွက်ဟာ တပ်ရင်းတစ်ရင်းစာလောက်ရှိတယ်။စစ်ကောင်စီက သူတို့ရဲ့ရှေ့တန်း စစ်မြေပြင်မှာ ရှုံးနိမ့်နေတဲ့လူဦးရေအားကို အထူးသဖြင့်အကာအကွယ်ယူနိုင်ဖို့ တိုက်ပွဲတွေမှာ အသုံးပြုလာနိုင် တဲ့ အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်။ လူသားဒိုင်းအနေနဲ့လည်း အသုံးပြုခံရနိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင် ရနိုင် တယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။
ယမန်နေ့ကလည်း စစ်ကောင်စီလက်အောက် လဝက ဝန်ထမ်း(၅၀)ကျော်က ရုံးပိတ်ရက်ဖြစ်တဲ့ စနေနေ့တွင် အဆိုပါ ရိုဟင်ဂျာ(၉၃၆)ဦးတို့အား အကျဉ်းထောင်အတွင်းလာရောက်၍ အထောက်အထားကဒ်များ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
သို့သော် မည်သည့်ကဒ်အမျိုးအစားများ ဖြစ်သည်ကိုမူ ဆက်လက်အတည်ပြုနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သွားခြင်းခံထားရတဲ့ ရိုဟင်ဂျာ(၉၃၆)ဦးသည် အင်းစိန် အကျဉ်းထောင်တစ်ခုအတွင်းမှ ရိုဟင်ဂျာများသာ မဟုတ်ပဲ စစ်ကောင်စီလက်အောက်ရှိ အကျဉ်း ထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာများအား ပြီးခဲ့သည့် ရက်များအတွင်း ၎င်းတို့အား ချုပ်နှောင်ထားသည့်အကျဥ်းထောင်များမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံထား ရသူများ လည်းပါဝင်တယ်လို့ သိရပါတယ်
ထို့ပြင် PPNM မှ ရရှိခဲ့သည့် အချက်အလက်များအရ လွတ်ရက်စေ့ကာလ ကြာမြင့်သည့်တိုင်အောင် မလွှတ်ပေးခဲ့သည့်အပြင် အချို့ရိုဟင်ဂျာများမှာ တစ်နှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံချုပ်နှောင်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနေသိရပါတယ်။
Photo – PPNM