Homeပြည်တွင်းသတင်းစစ်ကောင်စီနဲ့ MNDAA ကြား ကြားဝင်စေ့စပ်ပေးဖို့ တရုတ်အစိုးရကဆန္ဒရှိကြောင်း ပြောဆို

စစ်ကောင်စီနဲ့ MNDAA ကြား ကြားဝင်စေ့စပ်ပေးဖို့ တရုတ်အစိုးရကဆန္ဒရှိကြောင်း ပြောဆို

၅ ဒီဇင်ဘာ၊ ၂၀၂၄

စစ်ကောင်စီနဲ့ MNDAA တပ်တို့ ကြားမှာ ကြားဝင်စေ့စပ်ပေးဖို့ တရုတ်အစိုးရက ဆန္ဒရှိကြောင်း ဒီဇင်ဘာ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Lin Jian က ပြောဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အေအက်ဖ်ပီသတင်းထောက်က မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်အကြား တရုတ်က ကြားဝင်စေ့စပ်ပေးဖို့ အသင့်ဖြစ်မဖြစ် မေးမြန်းရာမှာ “သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ၊ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့၊ သဘောထားကွဲလွဲနေတာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့၊ ပဋိပက္ခမြင့်တက်စေမှုကို ရှောင်ရှားဖို့ တရုတ်က စောင့်ကြည့်နေတယ်” လို့ Lin က ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက်က ကိုးကန့်တပ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး တရုတ်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းမှုအောက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ တရားဝင်ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်နဲ့ပတ်သတ်ပြီး Lin က MNDAA ရဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ချီးကျူးလိုက်ပြီး ပဋိပက္ခနဲ့သက်ဆိုင်တဲ့ အဖွဲ့တွေအနေနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်မြန်မာ နယ်စပ်ဒေသတွေ၊ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေနဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကို မြန်မာဘက်က မထိခိုက်စေသင့်ကြောင်း သူက ပြောဆိုလိုက်ပါတယ်။

Lin က မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီပံ့ပိုးသွားမယ့် တရုတ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်ပြီး ပြောဆိုလိုက်ပြီး စစ်ကောင်စီနဲ့ MNDAA တွေ့ဆုံဆွေးနွေးမှု အဆင်ပြေချောမွေ့စေဖို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

Photo – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ

Most read