၂၄ အောက်တိုဘာ၊ ၂၀၂၄
မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှာ သောက်သုံးရေ သန့်ရှင်းမှု မရှိဘဲ အကျဉ်းထောင်တွင်းပေးဝေတဲ့ ရေနွေးကိုသာ အအေးခံပြီး သောက်သုံးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန် ရက်(PPNM)က အောက်တိုဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မိတ္ထီလာအကျဉ်းထောင်မှာ ရေသန့်စက်တပ်ဆင်ထားပေမယ့် စက်က မကြာခဏပျက်ပြီး ရေညှိတွေ မကြာခဏ တက်နေတတ်တယ်လို့ PPNM က ဖော်ပြပါတယ်။ သောက်ရေသန့် သောက်သုံးချင်သူတွေအတွက် အကျဉ်း ထောင်က ရောင်းချတဲ့သောက်ရေသန့်ဘူးတွေကို တစ်ဘူးကို မြန်မာငွေ(၁၅၀၀)ကျပ်အထိ ဈေးကြီးပေးဝယ် သောက်နေရတယ်လို့ ဆိုပါတယ်။
ရေသန့်ဈေးကြီးတဲ့အတွက် သောက်ရေသန့်ဝယ်မသောက်နိုင်တဲ့အကျဉ်းသားတွေအနေနဲ့ ထောင်ကပေးတဲ့ ရေကို ကျိုချက်သောက်သုံးနေရတယ်လို့ ဆိုပါတယ်။
“လက်ရှိမတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ ထောင်တွင်း မတရားဖမ်းဆီး ခံထားရတဲ့အပြင် ကိုယ့်စာရိတ်နဲ့ကိုယ် ထောင်ကျခံနေရတဲ့အခြေအနေဖြစ်နေတယ်” လို့ မြန်မာနိုင်ငံလုံး ဆိုင် ရာနိုင်ငံရေး အကျဉ်းသားများကွန် ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက New Day Myanmar ကို ပြောပါတယ်။
လက်ရှိ မိတ္ထီလာအကျဉ်းထောင်မှာ သောက်သုံးရေမသန့်ရှင်းတဲ့အပြင် ချိုးရေလည်း မလောက်ငှဘဲ ထောင်ပြင်ပက ရေဝယ်ယူချိုးနေရတယ်လို့ ဆိုပါတယ်။
ရေကားတစ်စီးကို မြန်မာငွေ (၆၀,၀၀၀)ကျပ်အထိ ပေးရပြီး နှစ်ရက်ကို တစ်ကြိမ် အနည်းဆုံး ဝယ်ယူရတယ်လို့ ဆိုပါတယ်။ ချိုးရေမလုံလောက်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ယားနာလို အရေပြားပြဿနာတွေ ဖြစ်ပေါ် နေပါတယ်။
မိတ္ထီလာထောင်မှာ ဆရာဝန်နဲ့ ထောင်ဆေးရုံမရှိတဲ့အတွက် အကျဉ်းသား၊အကျဉ်းသူတွေအနေနဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာမရရှိဘူးလို့ ဆိုပါတယ်။
မိတ္ထီလာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေအပါအဝင် အကျဉ်းသား ၅၀၀ဝန်းကျင်ဖမ်း ဆီးထိန်းသိမ်းခံထားရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။
Photo -စစ်ကောင်စီ