၂၁ အောက်တိုဘာ၊ ၂၀၂၄
မြန်မာနိုင်ငံက တရုတ်ကောင်စီဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ရှုတ်ချလိုက်ပြီး ကျူးလွန်သူတွေကို အရေးယူဖို့ အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိပေမယ့်ကောင်စစ်ဝန်ရုံးရဲ့ အချို့နေရာတွေ ပျက်စီးသွားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
ဒီကိစ္စကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
တရုတ်ကောင်စစ်ဝန်ရုံးဟာ မကြာသေးမီက မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့တွေ အားလုံးကို လုံခြုံရေးအခြေအနေကိုဂရုစိုက်ဖို့နဲ့ လို အပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းနဲ့ သဇင်လမ်း ထောင့်က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကိ အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲ့ဒီပစ်ခတ်မှုကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ က ပြုလုပ်တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် New Day Myanmar က သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ဒီလို တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူမျိုးရေး အမုန်းတရား ပဋိပက္ခ ဖြစ်ပွားမှာ ကို အထူး စိုးရိမ်ကြောင်းလည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။
Photo: Courtesy of China’s Ministry of Foreign Affairs