Homeပြည်တွင်းသတင်းနိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းရေးကို ရွေးချယ်ဖို့ ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းရေးကို ရွေးချယ်ဖို့ ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး လက်စားချေမှုအစား ပြန်လည်သင့်မြတ်ရေး၊ အကြမ်းဖက်မှုအစား ဆွေးနွေးညှိနှိုင်းရေးနဲ့ ဖျက်ဆီးမှုအစား ငြိမ်းချမ်းရေးကို ရွေးချယ်ကြဖို့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘို က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆုံးဖြတ်ချက်ချနိုင်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

ကာဒီနယ် ချားလ်စ်မောင်ဘိုက ဩဂုတ် ၉ ရက်နေ့ တရားဟောကြားမှုအတွင်း အခုလို တိုက်တွန်းခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာရှိသူတွေအနေနဲ့ သေဆုံးခြင်းထက် အသက်ရှင်ခြင်း၊ အကြမ်းဖက်မှုထက် ဆွေးနွေးမှု၊ လက်စားချေမှုထက် ပြန်လည်သင့်မြတ်မှုနဲ့ ဖျက်ဆီးမှုထက် ငြိမ်းချမ်းရေးကို ရွေးချယ်ရဲတဲ့ သတ္တိရှိရမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲမွဲတေမှု၊ ကြောက်ရွံ့မှုနဲ့ မသေချာမရေရာမှုတွေကြားမှာ ဖြတ်သန်းနေရပြီး အကျပ်အတည်းကြောင့် ပြည်သူတွေရဲ့ နေအိမ်၊ စာသင်ကျောင်း၊ အသက်မွေးဝမ်းကျောင်းနဲ့ ချစ်ခင်ရသူတွေရဲ့ အသက်တွေ ဆုံးရှုံးနေရတယ်လို့ ကာဒီနယ်ဘိုက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အမုန်းတရားနဲ့ လက်စားချေမှုတွေ ထပ်မလိုအပ်တော့ဘဲ လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးပြီး ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်မယ့်သူတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။ ပဋိပက္ခဖြစ်နေသူတွေ အတူထိုင်ပြီး ငြိမ်းချမ်းရေးအတွက် ထွက်ပေါက်ရှာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါပေမယ့် ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် နဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပက ကက်သလစ်နဲ့ ခရစ်ယာန်အသိုင်းအဝိုင်းတချို့ရဲ့ ဝေဖန်မှုတွေကိုလည်း နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းနေချိန်၊ ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်တဲ့ ဒေသတွေမှာပါ ဘုရားကျောင်းနဲ့ နေအိမ်တွေ ဖျက်ဆီးခံနေရချိန်အတွင်း ကာဒီနယ်ဘိုနဲ့ မင်းအောင်လှိုင်တို့ ခရစ္စမတ်အခမ်းအနားမှာ အတူတကွ ကိတ်မုန့်လှီးနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

အဲဒီအခမ်းအနားမှာ မင်းအောင်လှိုင်က ကာဒီနယ်ဘိုကို ကျပ်သန်း ၂၀ အလှူငွေ ပေးအပ်ခဲ့ပြီး နှစ်ဦးအတူ ကိတ်မုန့်လှီးနေတဲ့ ဓာတ်ပုံကို ကာဒီနယ်ဘို ကိုယ်တိုင်လည်း လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ အဲဒီအချိန်က ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ ဘာသာဝင်တချို့ကပါ ဝေဖန်ခဲ့ကြပြီး မြန်မာနိုင်ငံ တရားမျှတမှုအတွက် လွတ်လပ်သော ကက်သလစ်များအဖွဲ့ ကလည်း အဲဒီတွေ့ဆုံမှုဟာ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ ဒုက္ခကို လျစ်လျူရှုသလို ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ကာဒီနယ်ဘိုရဲ့ လက်ရှိ ငြိမ်းချမ်းရေးတောင်းဆိုချက် မထွက်ပေါ်မီ လေးရက်အလို ဩဂုတ် ၅ ရက်နေ့မှာလည်း သူဟာ နေပြည်တော် သမ္မတအိမ်တော်မှာ မင်းအောင်လှိုင်နဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။ စစ်အုပ်စုရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အဲဒီတွေ့ဆုံမှုမှာ ကာဒီနယ်ဘိုက မင်းအောင်လှိုင်ရဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်မှုအပေါ် အသိအမှတ်ပြုစကား ပြောခဲ့သလို နေပြည်တော်မှာ ကက်သလစ်ဘုရားကျောင်းတည်ဆောက်ဖို့ မြေနေရာခွင့်ပြုပေးမှုအတွက်လည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

တစ်ဖက်မှာတော့ ကာဒီနယ်ဘိုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရေးနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို ကူညီရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ စစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို ငြိမ်းချမ်းရေးအတွက် ဆက်သွယ်ညှိနှိုင်းမှုအဖြစ် မြင်သူတွေရှိသလို စစ်အုပ်စုကို ပုံမှန်အုပ်ချုပ်ရေးအာဏာပိုင်တစ်ရပ်လို လက်ခံဆက်ဆံပြီး တရားဝင်မှုရရှိစေနိုင်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။

Related News

Most Read