Homeပြည်တွင်းသတင်းချင်းမိုင်မှာ မိုးဆက်တိုက်ရွာပြီး ပင်းမြစ်ရေမြင့်တက်၊ ရေကြီးရေလျှံမှုအန္တရာယ် သတိပေးထား

ချင်းမိုင်မှာ မိုးဆက်တိုက်ရွာပြီး ပင်းမြစ်ရေမြင့်တက်၊ ရေကြီးရေလျှံမှုအန္တရာယ် သတိပေးထား

ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ပင်းမြစ်ရေ ဆက်လက်မြင့်တက်နေပြီး မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိထားဖို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။

အထူးသဖြင့် ရေဖျားပိုင်းဒေသတွေမှာ မိုးများနေတာကြောင့် Chiang Dao ဘက်က ပင်းမြစ်ရေနဲ့ Wiang Haeng၊ Chiang Dao နဲ့ Mae Taeng ဘက်က Taeng မြစ်ရေတွေ ပေါင်းစည်းပြီး ချင်းမိုင်မြို့ဘက်ကို စီးဆင်းလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ချင်းမိုင်ဆည်မြောင်းဌာနက Tha Wang Tan ရေတံခါး ၆ ပေါက်လုံးကို အပြည့်အဝ ဖွင့်ထားပြီး ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းမှာ ရေစီးနှုန်း တစ်စက္ကန့်ကို ၂၅၄ ဒသမ ၅၂ ကုဗမီတာရှိတယ်လို့ ပြောပါတယ်။

အဲဒီရေထုဟာ P.67 ရေတိုင်းတာရေးစခန်းကို ဖြတ်ပြီး ချင်းမိုင်မြို့ စီးပွားရေးဧရိယာဘက်ကို ဆက်လက်စီးဆင်းလာနိုင်တာကြောင့် အခြေအနေကို ၂၄ နာရီ အနီးကပ်စောင့်ကြည့်နေပါတယ်။

တစ်ဖက်မှာလည်း San Pa Tong ခရိုင်၊ Mae Ka ဒေသမှာ ပင်းမြစ်ရေ ပြန်လှန်ဝင်ရောက်တာကို ကာကွယ်ဖို့ Ban Sai Mun ရှိ ရေတံခါးကို ပိတ်ထားပြီး ဒေသတွင်းရေတွေကို ပင်းမြစ်ထဲ စနစ်တကျ ထုတ်လွှတ်နိုင်ဖို့ စီမံထားပါတယ်။

လက်ရှိအချိန်မှာ Tha Wang Tan ရေတံခါးအနီး အခြေအနေဟာ ပုံမှန်ရှိနေသေးပေမယ့် ပင်းမြစ်ကမ်းအနီးနဲ့ နိမ့်ကျတဲ့ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ရုတ်တရက်ရေတိုးလာနိုင်မှုနဲ့ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိထားဖို့ တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။

Related News

Most Read