Homeပြည်တွင်းသတင်းလှိုင်သာယာက Spring Moon အထည်ချုပ်အလုပ်သမားတွေ လုပ်ခတိုးရေး ဆက်လက်တောင်းဆို၊ ဖိအားပေးခြိမ်းခြောက်ခံနေရတယ်လို့ STUM ပြော

လှိုင်သာယာက Spring Moon အထည်ချုပ်အလုပ်သမားတွေ လုပ်ခတိုးရေး ဆက်လက်တောင်းဆို၊ ဖိအားပေးခြိမ်းခြောက်ခံနေရတယ်လို့ STUM ပြော

ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) မှာရှိတဲ့ Spring Moon Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ ခွင့်ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ ဇူလိုင် ၈ ရက်ကတည်းက တောင်းဆိုနေပြီး အလုပ်ရှင်နဲ့ ညှိနှိုင်းမှု မပြေလည်သေးတာကြောင့် ဩဂုတ် ၅ ရက်အထိ လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်တောင်းဆိုနေကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ အလုပ်သမား ၁၃၅ ဦးက လုပ်ခမရရှိဘဲ တောင်းဆိုမှုကို ဆက်လက်လုပ်ဆောင်နေကြပြီး ပြင်ပဖိအားနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ STUM က ဆိုပါတယ်။

စက်ရုံဘက်က တောင်းဆိုမှုမှာ ပါဝင်ပြီး နေမကောင်းလို့ အလုပ်ပျက်ကွက်သူတချို့ကို တခြားစက်ရုံမှာ အလုပ်ထွက်လုပ်နေတယ်လို့ စွပ်စွဲကာ တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားတစ်ဦးကတော့ တောင်းဆိုမှုမှာ ပါဝင်နေတဲ့ အလုပ်သမားတွေဟာ တခြားစက်ရုံတွေမှာ အလုပ်သွားလုပ်နေခြင်းမရှိဘဲ အလုပ်ရှင်ဘက်က သက်သေမရှိဘဲ စွပ်စွဲခြိမ်းခြောက်နေတာလို့ ငြင်းဆိုထားပါတယ်။

ဩဂုတ် ၄ ရက်မှာ နှစ်ဖက်ညှိနှိုင်းမှု မရှိခဲ့ပေမယ့် လုပ်ငန်းရှင်ဘက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းတာဝန်ရှိသူတွေကို စက်ရုံထဲ ခေါ်ယူပြီး အလုပ်သမားတွေအပေါ် စွပ်စွဲချက်တွေကို ပြောဆိုခဲ့တယ်လို့ STUM က ဆိုပါတယ်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းတာဝန်ရှိသူတွေကလည်း လုပ်ငန်းရှင်ရဲ့ စွပ်စွဲချက်တွေအတိုင်း အလုပ်သမားကိုယ်စားလှယ်တွေကို ဖိအားပေးပြောဆိုခဲ့တာကြောင့် တောင်းဆိုနေသူတွေက သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းရှင်ဘက်က ပုံမှန်ညှိနှိုင်းမှုလမ်းကြောင်းကနေ သွေဖည်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အရောင်ဆိုးပုံဖျက်မှာ စိုးရိမ်နေကြတယ်လို့လည်း STUM က ဆိုပါတယ်။

Spring Moon စက်ရုံက အလုပ်သမား ၁၇၇ ဦးဟာ မူလနေ့စားခ ၁၀,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့၊ ကျွမ်းကျင်ကြေးပေးဖို့နဲ့ ခွင့်ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့အပါအဝင် အချက် ၉ ချက်ကို ဇူလိုင် ၈ ရက်က စတင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Spring Moon Garment ဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံတစ်ခုဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ CMP စနစ်အတိုင်း လည်ပတ်နေတယ်လို့ သိရပါတယ်။

Related News

Most Read