Homeပြည်တွင်းသတင်းမန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူ ခုနစ်ဦးကို ထောင် ၃၇ နှစ်စီနဲ့ တဦးကို ၂၇ နှစ်ချ

မန္တလေးမှာ ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားသူ ခုနစ်ဦးကို ထောင် ၃၇ နှစ်စီနဲ့ တဦးကို ၂၇ နှစ်ချ

၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

မန္တလေးမြို့မှာ စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့တဲ့ လူထုလှုပ်ရှားမှုပြုလုပ်သူ ခုနစ်ဦးကို ထောင်ဒဏ် ၃၇ နှစ်စီနဲ့ တဦးကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တယ်လို့ အာဏာရှင်ဆန့်ကျင်ရေးတပ်ပေါင်းစုကော်မတီ (AFCC) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကိုထက်မြက်အောင်၊ မချီချီ၊ ကိုကျော်ဝဏ္ဏ (ခ) စောရှားဒို၊ မစုစုသွယ်၊ ကိုအောင်ကိုဝင်း၊ ကိုဝေလွင်ဦးနဲ့ ကိုသန့်ဇင်တို့ကို ထောင်ဒဏ် ၃၇ နှစ်စီ ချမှတ်ခဲ့ပြီး ကိုကျော်အောင်ကိုတော့ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (ခ) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့နဲ့ ဇူလိုင် ၂၈ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာမှာ မန္တလေးမြို့ပေါ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုထက်မြက်အောင်၊ မချီချီ၊ ကိုကျော်ဝဏ္ဏ၊ မစုစုသွယ်၊ ကိုငယ်လေး၊ ကိုအောင်ကိုဝင်း၊ ကိုဝေလွင်ဦး၊ ကိုသန့်ဇင်နဲ့ ကိုကျော်အောင်တို့ ကိုးဦးကို ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့တဲ့ လူထုလှုပ်ရှားမှုခေါင်းဆောင်တွေဖြစ်ပြီး ဖြစ်စဉ်တခုတည်းကို ရဲစခန်းသုံးခုခွဲကာ ပုဒ်မအသီးသီးနဲ့ သီးခြားအမှုဖွင့်ခဲ့တယ်လို့ AFCC က ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ကိုးဦးအနက် ကိုငယ်လေးအတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ် ဒါမှမဟုတ် လက်ရှိအမှုအခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။

ဖမ်းဆီးချိန်ကစပြီး သတင်းအမှောင်ချတာ၊ ဖိအားပေးညှဉ်းပန်းနှိပ်စက်တာ၊ တရားစီရင်ရေးစံနှုန်းတွေ ချိုးဖောက်တာနဲ့ မျှတတဲ့တရားခွင်ရပိုင်ခွင့် မပေးတာတွေ ရှိခဲ့တယ်လို့ AFCC က စွပ်စွဲထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရတာကြောင့် အသက်အန္တရာယ်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုအပေါ် နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ ဖိအားပေးအရေးယူမှုတွေ ပြုလုပ်ပေးဖို့ AFCC က တောင်းဆိုထားပါတယ်။

Related News

Most Read