Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကြေညာချက်တွေအပြီး ခြောက်လအတွင်း မြဝတီမှာ ငွေလိမ်လုပ်ငန်းဝင်းအသစ် အနည်းဆုံး ၂၅ ခု ပေါ်ပေါက်လာ

စစ်အုပ်စုရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကြေညာချက်တွေအပြီး ခြောက်လအတွင်း မြဝတီမှာ ငွေလိမ်လုပ်ငန်းဝင်းအသစ် အနည်းဆုံး ၂၅ ခု ပေါ်ပေါက်လာ

၂၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာစစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနေတယ်လို့ ကြေညာပြီး အဆောက်အအုံတွေ ဖြိုချပြခဲ့ပေမယ့် ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသမှာ သံသယရှိဖွယ် ကျားဖြန့်လုပ်ငန်းဝင်းသစ် အနည်းဆုံး ၂၅ ခု ပေါ်ပေါက်လာတာ ဒါမှမဟုတ် သိသိသာသာ တိုးချဲ့လာတာကို ဂြိုဟ်တုပုံရိပ်တွေက ဖော်ပြနေပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ International Justice Mission (IJM) ရဲ့ ဂြိုဟ်တုပုံရိပ်လေ့လာမှုကို ကိုးကားပြီး WIRED သတင်းဌာနက ဇူလိုင် ၂၄ ရက်မှာ ဖော်ပြခဲ့တာပါ။

၂၀၂၆ ခုနှစ်အစပိုင်းကစပြီး မြဝတီဒေသအတွင်း သစ်တောတွေ ခုတ်ထွင်ရှင်းလင်းတာ၊ မြေကွက်တွေ ညှိတာ၊ လမ်းသစ်တွေဖောက်တာနဲ့ အဆောက်အအုံအစုလိုက် တည်ဆောက်တာတွေကို ဂြိုဟ်တုပုံရိပ်တွေမှာ တွေ့ရပါတယ်။

နေရာတခုမှာဆိုရင် ဇန်နဝါရီလကနေ ဧပြီလအတွင်း လအနည်းငယ်အတွင်းမှာပဲ အဆောက်အအုံ ၂၄ လုံးခန့် ပေါ်ပေါက်လာပါတယ်။ တချို့နေရာတွေဟာ မြေလွတ်ကနေ လအနည်းငယ်အတွင်း လည်ပတ်နိုင်မယ့် လုပ်ငန်းဝင်းကြီးတွေအဖြစ် ပြောင်းလဲသွားတာလို့ IJM လေ့လာသူ အဲရစ်ဟိုင်းန့်ဇ်က ပြောပါတယ်။

အဲဒီနေရာတွေကို ကျားဖြန့်လုပ်ငန်းဝင်းတွေလို့ အပြီးသတ်သက်သေပြထားနိုင်ခြင်း မရှိသေးပေမယ့် အဆောက်အအုံဖွဲ့စည်းပုံ၊ ခြံစည်းရိုးခတ်ထားပုံ၊ ဝေးလံခေါင်သီတဲ့နေရာတွေမှာ တည်ရှိပုံနဲ့ အင်တာနက်အသုံးပြုမှုဆိုင်ရာ အချက်အလက်တွေဟာ မြဝတီဒေသက ရှိပြီးသား ကျားဖြန့်ဝင်းကြီးတွေနဲ့ ကိုက်ညီနေတယ်လို့ IJM က ဆိုပါတယ်။

အသစ်ပေါ်လာတဲ့ နေရာတွေထဲက အနည်းဆုံး ၁၃ ခုမှာ မတ်လအစပိုင်းကနေ မေလကုန်အထိ SpaceX က လည်ပတ်တဲ့ Starlink ဂြိုဟ်တုအင်တာနက် IP လိပ်စာတွေ အသုံးပြုခဲ့တာကို တွေ့ရှိထားပါတယ်။ WIRED ကတော့ နေရာသစ်တွေရဲ့ ထက်ဝက်ခန့်မှာ Starlink စနစ် အသုံးပြုနေတယ်လို့ ဖော်ပြပါတယ်။

Starlink ဟာ ကျားဖြန့်ဝင်းတွေနဲ့ ဆက်စပ်တဲ့ စက်ပစ္စည်း ၂,၅၀၀ ကျော်ကို အင်တာနက်ဖြတ်တောက်ခဲ့ကြောင်း အရင်က ထုတ်ပြန်ထားပေမယ့် အခုတွေ့ရှိချက်နဲ့ပတ်သက်ပြီး WIRED ရဲ့ မေးမြန်းမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ Starlink ရဲ့ တရားဝင်မြေပုံအရ မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုရောင်းချခြင်း မရှိသေးပါဘူး။

၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ မြန်မာစစ်တပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park အပါအဝင် ကျားဖြန့်ဝင်းတချို့ကို ဝင်ရောက်စီးနင်းပြီး အဆောက်အအုံတွေ ဖောက်ခွဲဖြိုချခဲ့ပါတယ်။ ဒါပေမယ့် KK Park မှာ အသုံးပြုခဲ့တဲ့ စက်ပစ္စည်းအချို့ဟာ ကီလိုမီတာ ၃၀ ခန့်အကွာ ဖလူးဒေသအနီးက ဝင်းသစ်တခုဆီ ရွှေ့ပြောင်းသွားတာကို နည်းပညာအချက်အလက်တွေနဲ့ ခြေရာခံတွေ့ရှိခဲ့တယ်လို့ IJM က ဆိုပါတယ်။

နယ်စပ်အခြေစိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Global Alms ကလည်း အရင်က လူရှင်းသွားတယ်လို့ ယူဆခဲ့တဲ့ နေရာကိုးခုမှာ လူတွေပြန်လည်နေထိုင်နေကြောင်း ဒရုန်းမှတ်တမ်းတွေနဲ့ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းဝင်းတွေမှာ နိုင်ငံပေါင်း ၆၀ ကျော်က လူတွေကို အလုပ်အကိုင်ကောင်းရမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး နိုင်ငံကူးလက်မှတ်သိမ်းတာ၊ အွန်လိုင်းငွေလိမ်ခိုင်းတာနဲ့ အလုပ်မလုပ်သူတွေကို ရိုက်နှက်နှိပ်စက်တာတွေ ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။

အခုဂြိုဟ်တုပုံရိပ်တွေက မြန်မာစစ်တပ်ရဲ့ လူမြင်ကောင်းအောင်လုပ်ခဲ့တဲ့ ကျားဖြန့်နှိမ်နင်းမှုဟာ လုပ်ငန်းကွန်ရက်တွေကို အပြီးတိုင်ဖယ်ရှားနိုင်ခြင်းမရှိဘဲ နေရာရွှေ့ပြီး ပိုမိုတိုးချဲ့လာစေခဲ့သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။

Related News

Most Read