Homeပြည်တွင်းသတင်းမင်းအောင်လှိုင် ဩဂုတ်အစောပိုင်း ထိုင်းနိုင်ငံလာရောက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

မင်းအောင်လှိုင် ဩဂုတ်အစောပိုင်း ထိုင်းနိုင်ငံလာရောက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်အုပ်စုခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ သမ္မတအဖြစ် တာဝန်ယူနေတဲ့ မင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လအစောပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောလိုက်ပါတယ်။

Sihasak Phuangketkeow က “မြန်မာနိုင်ငံကို အာဆီယံမိသားစုထဲ ပြန်လည်ပါဝင်လာစေတာက ပိုကောင်းပါတယ်။ ငါးနှစ်ကြာခဲ့ပြီဖြစ်လို့ အခုအချိန်မှာတော့ အပြန်အလှန်ပြောဆိုနားထောင်ဖို့ လိုအပ်နေပြီး သူတို့ဘက်ကလည်း ရှင်းပြဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ “မကြာခင်၊ ဩဂုတ်လအတွင်း ထိုင်းနိုင်ငံကို တရားဝင်လာရောက်မှာ ဖြစ်ပါတယ်” လို့လည်း အတည်ပြုပြောဆိုခဲ့ပေမယ့် ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတာကိုတော့ “တရားဝင်အစီအစဉ်ကို စီစဉ်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မင်းအောင်လှိုင်က စစ်အုပ်စုခေါင်းဆောင်ရာထူးကနေ သမ္မတအဖြစ် ပြောင်းလဲတာနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်လာရောက်မယ့် ခရီးစဉ်ဖြစ်သလို မကြာသေးခင်က လာအို၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ထပ်မံပြုလုပ်တဲ့ နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်သတင်းဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်အုပ်စုဘက်က ကိုယ်စားလှယ်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လူကိုယ်တိုင်တွေ့ဆုံခဲ့ကြပါတယ်။

ထိုင်းနိုင်ငံကတော့ မြန်မာ့အရေးမှာ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုကသာ ရှေ့ဆက်နိုင်မယ့် လမ်းကြောင်းဖြစ်တယ်လို့ ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံကို အာဆီယံအတွင်း တဖြည်းဖြည်း ပြန်လည်ထိတွေ့ဆက်ဆံသွားမယ့် မူဝါဒကို တွန်းအားပေးနေပါတယ်။

Related News

Most Read