Homeပြည်တွင်းသတင်းရွှေဈေး သိန်း ၁၀၀ ကျော်နေမှုကို ထိန်းချုပ်ရန် နာမည်ကျော် ရွှေဆိုင်ကြီး ၁၆ ဆိုင်ကို စစ်ကော်မရှင် နေပြည်တော်သို့ ဆင့်ခေါ်

ရွှေဈေး သိန်း ၁၀၀ ကျော်နေမှုကို ထိန်းချုပ်ရန် နာမည်ကျော် ရွှေဆိုင်ကြီး ၁၆ ဆိုင်ကို စစ်ကော်မရှင် နေပြည်တော်သို့ ဆင့်ခေါ်

၁၆ မေ ၂၀၂၆ | New Day Myanmar

ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေမှုကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်က နာမည်ကျော် ရွှေဆိုင်ကြီး ၁၆ ဆိုင်ကို နေပြည်တော်သို့ ခေါ်ယူပြီး ဈေးနှုန်းလျှော့ချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက လာမယ့် မေလ ၂၀ ရက်နေ့မှာ နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ပြုလုပ်မယ့် အစည်းအဝေးကို တက်ရောက်ဖို့ ရွှေဆိုင်ပိုင်ရှင်တွေထံ အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။

အစည်းအဝေးကို မပျက်မကွက် တက်ရောက်ဖို့ ဆင့်ခေါ်ခံထားရတဲ့ ဆိုင်တွေထဲမှာ အကယ်ဒမီ၊ ဇွဲထက်၊ ရွှေနန်းတော်၊ ၂၉ ရတနာ၊ မြန်မာ့ချမ်းသာ၊ အောင်သမာဓိ အပါအဝင် နာမည်ကျော် ရွှေဆိုင်ကြီး ၁၆ ဆိုင် ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကော်မရှင် သတ်မှတ်ထားတဲ့ ရွှေရည်ညွှန်းဈေးဟာ ကျပ်သိန်း ၇၁ သိန်းဝန်းကျင်သာ ရှိနေပေမယ့် ပြင်ပဈေးကွက်မှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၁၀၃ သိန်းကျော်အထိ ပေါက်ဈေးရှိနေပြီး ဈေးနှုန်းကွာဟချက်ဟာ ကျပ်သိန်း ၃၀ ကျော်အထိ ရှိနေပါတယ်။

ရွှေကုန်သည်တချို့ကတော့ အခုလို ဆင့်ခေါ်တာဟာ လမ်းညွှန်ချက်ပေးတာထက် ပြင်ပဈေးနှုန်းကို အတင်းအဓမ္မ လျှော့ချခိုင်းပြီး အစိုးရသတ်မှတ်ဈေးအတိုင်း ရောင်းချဖို့ ဖိအားပေးတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ကော်မရှင်အနေနဲ့ ရွှေဈေးနှုန်းကို ထိန်းချုပ်ဖို့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာ၊ ထောင်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်တွင်းငွေကြေးဖောင်းပွမှုနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် ရွှေဈေးဟာ ဆက်တိုက် မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး