၁၂ မေ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုက သတင်းအေဂျင်စီလုပ်ငန်း လိုင်စင်ပိတ်သိမ်းလိုက်တာကို ဂရုမစိုက်ဘဲ ပြည်သူတွေအတွက် သတင်းမှန်တွေ ဆက်လက်တင်ဆက်သွားမယ်လို့ Red News Agency ရဲ့ အယ်ဒီတာချုပ် ကိုဝင်းဇော်နိုင်က New Day Myanmar ကို ပြောပါတယ်။
“စစ်အာဏာရှင်တွေက ဒီလို လုပ်ပိုင်ခွင့်ပိတ်သိမ်းတယ်ဆိုတာမျိုးတော့ ကျတော်တို့ ဂရုမစိုက်ပါဘူး။ လမ်းပေါ်မှာ သေနတ်နဲ့ပစ်နေတဲ့အချိန်တုန်းကတောင် ကျနော်တို့ သေမှာမကြောက်လို့ သတင်းယူပြီး ပြည်သူတွေအတွက် သတင်းမှန်တင်ဆက်ခဲ့ကြသေးတာပဲ” လို့ ကိုဝင်းဇော်နိုင်က ပြောပါတယ်။
စစ်အုပ်စုဟာ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ထောင်ချတာသာမက သတ်ဖြတ်တာတွေအထိ ရှိခဲ့ပေမယ့် သတင်းမီဒီယာတွေအနေနဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေနဲ့ ပြည်သူတွေကြုံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ဖော်ထုတ်တင်ပြသွားရမယ်လို့လည်း သူက ဆိုပါတယ်။
“ပြည်သူတွေအတွက် သတင်းတွေကို ဆက်လက်ထုတ်လုပ်နေမှာဖြစ်သလို သတင်းလွတ်လပ်ခွင့်အတွက်လည်း ဆက်ပြီး တိုက်ပွဲဝင်နေရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သတင်းမီဒီယာဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ “စတုတ္ထမဏ္ဍိုင်” ဖြစ်တာကြောင့် လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ အစိုးရလက်အောက်ခံ မဖြစ်သင့်ဘဲ ပြည်သူတွေအတွက်သာ ရပ်တည်ရမယ်လို့လည်း ကိုဝင်းဇော်နိုင်က ပြောဆိုပါတယ်။
“အာဏာရှင်တွေလက်အောက်မှာတော့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့်အတွက်ကော၊ သတင်းမှန်တင်ဆက်နိုင်ရေးအတွက်ကော ကျနော်တို့ ဆက်လုပ်ကြရအုံးမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ မကြာသေးခင်က “မြေလတ်အသံ”၊ “Red News Agency” နဲ့ “Asia Citizens” သတင်းအေဂျင်စီ ၃ ခုကို လိုင်စင်ပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


