Homeပြည်တွင်းသတင်းစက်သုံးဆီချွေတာရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း WFH စနစ်ကျင့်သုံးမယ်လို့ စစ်ကော်မရှင် ကြေညာ

စက်သုံးဆီချွေတာရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း WFH စနစ်ကျင့်သုံးမယ်လို့ စစ်ကော်မရှင် ကြေညာ

၂၃ မတ်လ ၂၀၂၆ | New Day Myanmar

စက်သုံးဆီအသုံးပြုမှုကို လျှော့ချနိုင်ဖို့နဲ့ ဖြစ်လာနိုင်တဲ့ စွမ်းအင်အခက်အခဲတွေကို ကြိုတင်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရရုံးဌာနတွေကို Work From Home (WFH) စနစ်နဲ့ အလုပ်လုပ်ဖို့ စစ်ကော်မရှင်က ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ၂၀၂၆ မတ်လ ၂၅ ရက်ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးတက်မလာဘဲ နေအိမ်ကနေ အလုပ်လုပ်ရမယ်လို့ သတ်မှတ်ထားပြီး ဒီစနစ်ဟာ နောက်ထပ်ညွှန်ကြားချက် မထွက်မချင်း ဆက်လက်ကျင့်သုံးသွားမယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ကတော့ နိုင်ငံအတွင်း စက်သုံးဆီလုံလောက်မှု ရှိနေသေးတယ်လို့ ပြောထားပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ရေနံထောက်ပံ့ရေးပိုင်းမှာ မသေချာမှုတွေ ဖြစ်လာနိုင်တာကို ရှေ့ပြေးစီမံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေကို မလိုအပ်တဲ့ ခရီးသွားလာမှုတွေကို လျှော့ချဖို့၊ ယာဉ်အသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ သတိပေးထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုလည်း အလားတူ WFH စနစ်ကို အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

တဖက်မှာလည်း စက်သုံးဆီဝယ်ယူမှုကို စနစ်တကျ ထိန်းချုပ်နိုင်ရေးအတွက် ယာဉ်အင်ဂျင်အရွယ်အစားအလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏကို သတ်မှတ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီစနစ်ကို Bar Code scan နဲ့ QR Code စနစ်တွေထဲ ထည့်သွင်းပြီး တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် အများဆုံး နှစ်ကြိမ်အထိ ဝယ်ယူနိုင်အောင် စီမံမယ်လို့ပြောပါတယ်။

လက်ရှိမှာတော့ မော်တော်ယာဉ်တွေအတွက် Bar Code scan စနစ်နဲ့ ဆိုင်ကယ်တွေအတွက် QR Code စနစ်ကို မတ်လ ၁၂ ရက်က စတင်အသုံးပြုနေပြီး အသုံးပြုမှုအတွင်း တွေ့ရှိရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းနေဆဲလို့ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး