Homeနိုင်ငံတကာသတင်းအမေရိကန်က အီရန်ကို ကြီးမားတဲ့ စစ်ဆင်ရေးစတင်ပြီလို့ ဒေါ်နယ်ထရမ့်ပြော

အမေရိကန်က အီရန်ကို ကြီးမားတဲ့ စစ်ဆင်ရေးစတင်ပြီလို့ ဒေါ်နယ်ထရမ့်ပြော

၂၈ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

အမေရိကန်ဟာ အီရန်ကို ရည်ရွယ်တဲ့ ကြီးမားတဲ့ စစ်ဆင်ရေးကို စတင်လိုက်ပြီဖြစ်ပြီး အီရန်ရဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတစ်ခုလုံးကို မြေလှန်ဖျက်ဆီးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ အစ္စရေးက အီရန်နိုင်ငံအတွင်း စစ်ရေးတိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် တီဟီရန်မြို့လယ်မှာ ပေါက်ကွဲသံများ ဆက်တိုက်ကြားရပြီး အရေးပေါ်သတိပေးသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အီရန်နိုင်ငံပိုင် Fars News Agency ရဲ့ ဖော်ပြချက်အရ တီဟီရန်မြို့လယ်ရှိ အရေးကြီးတဲ့ နေရာအချို့ကို ဒုံးကျည်အမြောက်အမြား ကျရောက်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဘက်က ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့နဲ့ ဒေသတွင်း စစ်ပွဲကြီးတစ်ရပ် မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့ အစီအစဉ်အနေနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အီရန်အကြား သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ကာလအတွင်း ပေါ်ပေါက်လာခဲ့တာပါ။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ အကြီးဆုံး စစ်အင်အားဖြည့်တင်းမှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အီရန်အပေါ် ဖိအားကို စစ်ရေးအဆင့်အထိ မြှင့်တင်လာတာလည်း ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် ကတော့ ဒီတိုက်ခိုက်မှုကို “ကြိုတင်ကာကွယ်ရေး စစ်ဆင်ရေး” လို့ သတ်မှတ်ပြီး “အစ္စရေးနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ခြေလှမ်း” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အစ္စရေးက အီရန်ကို စစ်ရေးတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ဖူးကာ အဲဒီအချိန်မှာလည်း အမေရိကန်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယားအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ယခုနောက်ဆုံးဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး စစ်ရေးတင်းမာမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာနိုင်ခြေရှိနေပြီး ကမ္ဘာတစ်ဝန်းက အရေးပေါ်အခြေအနေအဖြစ် စောင့်ကြည့်နေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး