မြန်မာအမျိုးသမီးတွေကို နိုင်ငံခြားသားတွေအယောင်ဆောင်လက်ထပ်ထိမ်းမြားတာကိုကာကွယ်ဖို့ ကျမ်းကျိန်လွှာပြုလုပ်တာကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ဖို့ ပြည်ထောင်စုတရားလွှတ် တော်ချုပ်က (၁/၂၀၂၅ )နဲ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီညွှန်ကြားချက်ကို နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပြီး၊ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ နိုင်ငံခြားသားတွေဟာမြန်မာနိုင်ငံအတွင်းကိုလာရောက်ပြီး မြန်မာအမျိုးသမီးငယ် တွေကို ဖြားယောင်းကာ အယောင်ဆောင်လက်ထပ်ပြီး နိုင်ငံကနေခေါ်ဆောင်သွားတဲ့လူကုန်ကူးမှုဖြစ်စဉ်တွေ များပြားလာတာကို တွေ့ရှိရတာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် နိုင်ငံခြားသားတွေရဲ့အယောင် ဆောင်လက်ထပ်ထိမ်းမြားတာကို ကာကွယ်ဖို့ လက်ထပ်ထိမ်းမြားကျမ်းကျိန်လွှာလျှောက်ထားလာပါက သေချာစွာစိစစ်ပြီးမှသာတရားရုံးတွေကကျမ်းကျိန်လွှာပြုလုပ်တာကို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ညွှန်ကြားချက်ထဲမှာတော့ ထိမ်းမြားလက်ထပ်မယ့် နိုင်ငံခြားသားရဲ့ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံမှာ ရက်ပေါင်း၃ဝ အထက်နေထိုင်ခွင့် Visa အထောက် အထား၊ Visa နဲ့ နေထိုင်စဉ်မှာ လက်ထပ် ထိမ်းမြားမယ့်အကြောင်းနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ တားမြစ်မှုမရှိကြောင်းဆိုတဲ့ အထောက်အထားတွေကို တင်ပြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူပျို/လက်ရှိအိမ်ထောင်မရှိသူ{ကွာရှင်း/အိမ်ထောင်ဖက် သေဆုံးအ ထောက်အထား)၊ သက်ဆိုင်ရာနိုင်ငံရဲ့အ မြဲတမ်းနေရပ်လိပ်စာနဲ့ အလုပ်အကိုင်၊ ဝင်ငွေ၊ ရာဇ၀တ်မှုကင်းရှင်းကြောင်း အ ကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက် ခံချက်တွေကိုလည်းတင်ပြရမှာဖြစ်တယ်လို့ဆိုထားပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက သက်ဆိုင်ရာက ထုတ်ပေးထားတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်၊ နိုင်ငံခြားသားတွေနဲ့ ထိမ်းမြားပါက နိုင်ငံသားဖြစ်ခွင့်ရှိမရှိ သက်ဆိုင်ရာနိုင်ငံရဲ့ထောက်ခံချက်၊ မွေးဖွားလာတဲ့ သားသမီးတွေ နိုင်ငံသားဖြစ်တည်ခွင့် စတဲ့အချက်တွေကို ဆောင် ရွက်ဖို့ ညွှန်ကြားစာမှာဖော်ပြထားပါတယ်။


