မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာအနီးက ရှစ်ထပ်ရေတံခွန်တောင်မှာ မနေ့ စက်တင်ဘာ ၂၉ ရက်၊ မွန်းလွဲပိုင်းက ခရီးသွားဧည့်သည် ၅ ဦး
တောင်ကျရေနဲ့အတူ ပြုတ်ကျခဲ့ပြီး၂ဦးသေ ၂ ဦးပျောက်ဆုံးနေကာ ၁ဦး အသက်ရှင်ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ခရီးသွားဧည့်သည် ၂ဦးကို ဒီကနေုစက် တင်ဘာ ၃၀ ရက်မှာ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
လတ်တလော အသက်ရှင်လျက်တွေ့ရှိသူဟာ ရုရှားနိုင်ငံသား အမျိုးသား ၁ ဦးဖြစ်ပြီး သေဆုံးသူ နှစ်ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး ကျန် ၂ဦးကတော့ ပျောက် ဆုံးနေဆဲ ဖြစ်တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။
“သူ့တို့ရေကစားနေတဲ့အချိန်က နေလည် ၃ နာရီလောက်ရှိမယ်၊ ရေကစားနေရင် တောင်ကျရေက အလူံအလိုက်ဆင်းလာတဲ့အချိန်နဲ့ ဆုံတာပေါ့။ သူတို့က ရှစ်ထပ်မှာကစားနေတော့ တောင်ကျရေနဲ့ သုံးထပ်အထိ ပြုတ်ကျလာတယ်။ ကျန်တဲ့သူတွေက ရေစီးနဲ့မျောသွားတာပါ ပျောက်နေတဲ့သူတွေ ရှာနေတုန်ူပါ”လို့ ဆိုပါတယ်။
ဖြစ်စဉ်အရ ဒဏ်ရာရသူ ရုရှားနိုင်ငံသားအမျိုးသားဟာရေစီးအရှိန်နဲ့ မျောပါပြီးနောက် အပေါ် ရှစ်ထပ်မှာပဲ ကျောက်တုံးတွေကြားထဲညပ်ပြီး ခြေထောက်ကျိုးကာ တင်ကျန်နေခဲ့တာလို့ သိရပြီး ကျန်တဲ့ လေးဦးကတော့ သုံးထပ်ကို ပြုတ်ကျသွားခဲ့တာဖြစ်ကာ ညနေ ၄နာရီခွဲလောက်မှာတော့ ပြုတ်ကျသွားသူတွေထဲက အမျိုးသမီးရုပ်အလောင်း ၂ လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့ရဲ့ မနေ့ စက်တင်ဘာ ၂၉ ရက်၊ ည ၉ နာရီအချိန် ထုတ်ပြန်ချက်မှာ အဲဒီ ရှစ်ထပ် ရေတံခွန်တောင်ကို လူ ၁၄ ယောက် သွားရောက် ရေကစားခဲ့တာမှာ ငါးယောက် သုံးထပ်ရေတံခွန်ကို ပြုတ်ကျသွားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-MFSD


