၁၃ မတ် ၊ ၂၀၂၅
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာနယ်စပ် မဏိပူရဒေသအကြောင်းနှင့်ကဘော်ချိုင့်ဝှမ်းကိစ္စ ၊ မီဇိုရမ် လွှတ်တော်အမတ်များ ပြောကြားချက်များနှင့်ပတ်သက်၍ ပြောဆိုလိုက်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့ အုပ်စုများကို မလိုလားသလို မြန်မာ့နယ်မြေကိုအသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေနဲ့လက်ခံ မထားပါဘူး။မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနဲ့အတူပဲ ယခင်ကအတိုင်းသဘောတူထားတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး ၅ ရပ်အတိုင်းပဲ ကျွန်တော်တို့နေထိုင်လျက်ရှိပါတယ်။ မိတ်ဆွေကောင်းပီသစွာ နေထိုင်လျက် ရှိပါတယ်” လို့၎င်းကဆိုပါတယ်။
ကဘော်ချိုင့်ဝှမ်းဒေသကို ယခင်ကတည်းက တိုင်းတာပြီး အသိအမှတ်ပြုထားပြီးဖြစ်ကာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက် အနေနဲ့ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရှိပြီးဖြစ်တယ်လို့သိရပါတယ်။
လွန်ခဲ့တယ့် ၂၀၁၃ ခုနှစ်တုန်းကလည်းအိန္ဒိယရဲ့ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီက တမူး-ကလေး-မင်းကင်းမြို့နယ်တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကိုပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်တာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည် ဆောင်ရွက် သွားမှာဖြစ်သလို အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သော နိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့ နိုင်ငံရေး လိုဘတစ်ခုတည်း ကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပျက်ပြားအောင် မလုပ်သင့်ဘူးလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ကပြောပါတယ်။