Homeပြည်တွင်းသတင်းမြန်မာ့စီးပွားရေးဘဏ်ကို အရေးယူပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို

မြန်မာ့စီးပွားရေးဘဏ်ကို အရေးယူပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို

၂၀ နိုဝင်ဘာ၊ ၂၀၂၄

မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းကို အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို စာတစ်စောင် ပေးပို့ပြီး တောင်းဆိုလိုက်ကြောင်း နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြထားပါတယ်။

ဒါဇင်နဲ့ချီတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေးသားပေးပို့ခဲ့တာဖြစ်ပြီး တောင်းဆိုစာကို လက်ခံရရှိကြောင်းကိုလည်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုထားပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ စစ်ကောင်စီပိုင်ဘဏ်နှစ်ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ စီးပွားရေးဘဏ်ကို ပြောင်းသုံးပြီး နိုင်ငံခြားငွေသန်းနဲ့ချီ လက်ခံရရှိနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာ ထောက်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံခြားဘဏ်တွေ၊ လေယာဉ်ဆီနဲ့ လက်နက်ပွဲစားတွေဆီကနေရတဲ့ ငွေတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်လုပ်နိုင်နေတယ်လို့ တောင်းဆိုစာပေးပို့တဲ့အထဲပါဝင်တဲ့ ရိုဟင်ဂျာအရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ Simon Billenness က ပြောပါတယ်။ သမ္မတဘိုင်ဒန်အနေနဲ့ရာထူးက မဆင်းခင် မြန်မာ့စီးပွားရေးဘဏ်ကို အရေးယူဒဏ်ခတ်စေချင်တယ်လို့လည်း Simon Billenness က ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ရာထူးယူကာစမှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ သမ္မတဘိုင်ဒန်လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရပိုင် ဒေါ်လာငွေတစ်ဘီလီယံကို ထိန်းချုပ်လိုက်ပြီး စစ်ခေါင်းဆောင်တွေအပါအဝင် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ဂျိုးဘိုင်ဒန်က သမ္မတနေရာကနေ ဆင်းပေးရမှာဖြစ်ပြီး ဒီမိုကရက်ရော၊ ရီပါဘလီကန်ပါတီတို့ကပါ အဲဒီဒေါ်လာငွေ တစ်ဘီလီယံကို စစ်ကောင်စီလက်ထဲ အရောက်ခံမှာမဟုတ်ဘူးလို့လည်း ရိုုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Photo – MEB

ဆက်စပ် သတင်းများ

Most read