၁၂ နိုဝင်ဘာ၊ ၂၀၂၄
စစ်အာဏာရှင်ကို ချေမှုန်းတိုက်ခိုက်မယ့် မြေပြန့်မဟာဗျူဟာထိုးစစ်အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို ပူးပေါင်းဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၁၂ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း (Press Briefing) အစီအစဉ်” မှာ ဦးနေဘုန်းလတ်က အခုလို ပြောဆိုလိုက်တာပါ။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဉ်မှာပါတဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးသတ်ဖျက်သိမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ၊ အရပ်သား ပြည်သူ့အစိုး ရပေါ်ထွန်းရေးစတဲ့ ရည်ရွယ်ချက်တွေကို အလုံးစုံပြီးမြောက်စေဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။
“တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ Chain of Command အောက်မှာ တပ်ရင်းတွေအဖြစ်နဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေရှိ သလို ကာကွယ် ရေးဝန်ကြီး ဌာနရဲ့စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုနဲ့အတူ လက်တွဲ နေကြတဲ့တပ်ဖွဲ့ တွေလည်းရှိပါတယ်။
COC အောက်မှာမရှိ၊ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီမှု ရှိမထားတဲ့ ကျန်နေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီသောတော်လှန်ရေးရည်မှန်းချက် အတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း ပြောလိုပါတယ်။ စတင်နေပြီ ဖြစ်တဲ့ မြေပြန့်မဟာဗျူဟာထိုးစစ်မှာ ထိရောက်တဲ့အားတစ်ခုဖြစ်နိုင်ဖို့ စနစ်ကျတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ကြဖို့အရေးကြီးပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ခွင့်ပြုတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အသိအမှတ်ပြုသွားမှာ မဟုတ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သတိပေးလိုတဲ့အကြောင်းကိုလည်း ဦးနေဘုန်းလတ်က ထည့်သွင်းပြောဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ ခေတ္တခဏရွှေ့ပြောင်းခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့အိမ်နီးချင်းနိုင်ငံတွေကို အထူးကျေးဇူးတင်ကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကစဉ်းစားပြီး စစ်ကောင်စီဆီ ပြန်လည်ပို့ဆောင်တာတွေ မလုပ်ဘဲကူညီပေးဖို့ ဦးနေဘုန်းလတ်က မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
Photo – NUG