Homeပြည်တွင်းသတင်းမန္တလေး-PDF တွေရဲ့ အချုပ်ခန်း ထပ်မံဗုံးကြဲခံရ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

မန္တလေး-PDF တွေရဲ့ အချုပ်ခန်း ထပ်မံဗုံးကြဲခံရ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

၃၀ အောက်တိုဘာ၊၂၀၂၄

နောင်ချိုမြို့နယ်အတွင်းက (မန္တလေး) MDY-PDF ရဲ့ အချုပ်ခန်းကို အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက် အစောပိုင်း မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ MDY-PDF က ထုတ်ပြန်လာ ပါတယ်။

သေဆုံးသူတွေမှာ စခတ (၂) ၇ မိုင်စခန်းကဖမ်းမိတဲ့ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူး နေဝင်း၊ စခတ (၂) သပိတ် ကျင်းက ၄၉ နှစ်အရွယ် တပ်ကြပ် ကိုကိုအောင်၊ အမတ-၃၁၉ မိထ္ထီလာက ၄၉ နှစ်အရွယ် တပ်ကြပ်ကြီးစာရေး အောင်လွင်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅၄ နှစ်အရွယ် ဦးဂျော်နီအောင်တို့ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

အဲဒီအချုပ်ဆောင်ဟာ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထားရှိတဲ့နေရာဖြစ်ပြီး စစ် ကောင်စီတပ်က သူတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ရှိတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ MDY-PDF က ပြောထားပါတယ်။

အောက်တိုဘာ ၂၈ရက်၊ ည ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီလေတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့အချုပ်ဆောင်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘီလူးစစ်ကြောင်းက စစ်သုံ့ပန်းတွေအပါအဝင် တခြား စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားရှိတဲ့ အချုပ်ဆောင် အဆောက်အအုံကို ထိမှန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦးအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါး ရှိတယ်လို့ ဖော်ပြပါတယ်။ဒါကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရတဲ့ နှစ်ကြိမ်အတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီလို့ ဆိုပါတယ်။

ပုံစာ – အောက်တိုဘာလ ၃၀ ရက်နေ့ မနက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် MDY-PDF အချုပ်ခန်း

Photo – MDY PDF

ဆက်စပ် သတင်းများ

Most read