Homeပြည်တွင်းသတင်း၁၀၂၇ စစ်ဆင်ရေးမှာ မပါဝင်တဲ့ ဝ နယ်စပ်ကုန်သွယ်ရေးကို တရုတ်ပိတ်ပင်

၁၀၂၇ စစ်ဆင်ရေးမှာ မပါဝင်တဲ့ ဝ နယ်စပ်ကုန်သွယ်ရေးကို တရုတ်ပိတ်ပင်

၂၉ အောက်တိုဘာ၊ ၂၀၂၄

တရုတ်အာဏာပိုင်တွေဟာ KIA ၊ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေက တရုတ်နယ်စပ်ဂိတ်တွေတင်မကဘဲ ၁၀၂၇ စစ်ဆင်ရေးမှာ မပါဝင်တဲ့ ဝ နယ်စပ်ကုန်သွယ်ဂိတ်တွေကိုပါ စားနပ်ရိက္ခာ၊ စက်သုံးဆီ သယ်ယူခွင့်တွေ ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဟိုပန်၊ ပန်လုံ၊ နန့်တစ်၊ ပန်ဆန်း၊ မိုင်းလားစတဲ့ ‘ဝ’တပ်ဖွဲ့ UWSA နဲ့ မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကို စားနပ်ရိက္ခာနဲ့ စက်သုံးဆီ သယ်ယူခွင့် တရုတ်က အောက်တိုဘာ ၂၇ မှာ လုံးဝပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကို တရုတ်က ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တဲ့အတွက် ဒေသခံတွေဟာ ကြက်ဥ၊ ခေါက်ဆွဲ၊ စားသုံးဆီ၊ စက်သုံးဆီတွေ အလုအယက်ဝယ်ယူနေကြတဲ့အတွက် UWSA က “နယ်စပ်ဂိတ်တွေ ပိတ်ပင်တဲ့အတွက် ကုန်သည်တွေ ဈေးတင်ရောင်းခြင်းမပြုဖို့နဲ့ ပြင်းပြင်းထန်ထန်အရေးယူမယ်” လို့ အောက်တိုဘာလ ၂၃ ရက်က အမိန့်ထုတ်ထားပါတယ်။

အောက်တိုဘာလ ၂၃ က စတင်ပြီး ဝဒေသ နယ်စပ်ဂိတ်တွေ ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒေသခံတွေ စားနပ်ရိက္ခာ စက်သုံးဆီတွေ အလုအယက်ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ ‘ဝ’တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျောက်ကောအန်းတို့ ဩဂုတ်လနောက်ဆုံးပတ် တွေ့ဆုံဆွေးနွေးမှုမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနဲ့ လားရှိုးဒေသကို ဖြတ်(၅)ဖြတ် လုပ်ဆောင်ဖို့ ဝ တပ်ဖွဲ့ကို ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တအာန်းဒေသနဲ့ ကိုးကန့်ဒေသကို ကုန်စည်စီးဆင်းမှာစိုးတဲ့အတွက် ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

“အဓိကက ကိုးကန့်ကို ကုန်တွေ မရောက်စေချင်လို့ ဝကိုပါ ပိတ်တာ၊ ဝ ကိုလည်း သူတို့ဆီက တရားဝင်လာတာကိုပဲ ပိတ်တာ၊ မှောင်ခိုလမ်းကြောင်းကတော့ ရှိတယ်၊ ဈေးတင်ပြီးရောင်းမယ်။ သူတို့ဆီကို ရောင်းမယ့် ဒီဘက်ကပစ္စည်းတွေကိုတော့ မှောင်ခိုလမ်းကြောင်းမို့ ဈေးနှိမ်ဝယ်မှာ၊ တရုတ်က သိပ်လည်တာ၊ မြန်မာအစိုးရဆီမှာလည်း သူတို့ပိတ်ပေးပါတယ်ဆိုပြီး စီမံကိန်းတွေ ရဦးမယ်၊ မှောင်ခိုဈေးကွက်ကလည်း အမြတ်ရဦးမယ်၊ နှစ်ခါပြန် အမြတ်ထုတ်တာ” လို့ ကိုးကန့်အုပ်ချုပ်မှုနယ်မြေက ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဝ အာဏာပိုင်တွေကတော့ ဒေသတွင်းမှာရှိတဲ့ လူထုစားဝတ်နေရေး အဆင်ပြေစေဖို့ ကုန်ပစ္စည်းတွေ ရရှိဖို့၊ ကန့်သတ်ချက်တွေ လျှော့ချဖို့နဲ့ ကုန်စျေးနှုန်းတည်ငြိမ်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း ရောင်းချမှုတွေကို စောင့်ကြည့်သွားပြီး ကုန်ပစ္စည်းတွေ မရောင်းချဘဲ သိုလှောင်သိမ်းဆည်းထားတာ၊ စျေးတင်ရောင်းချတာတွေကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ “ဝ” အာဏာပိုင်တွေက ကြေညာပါတယ်။

အောက်တိုဘာ ၂၀က စပြီး ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တရုတ်နယ်စပ်ဂိတ်တွေက ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ဝ နယ်ထဲက နမ့်တစ်ကုန်သွယ်ရေးဂိတ်ကိုလည်း တရုတ်က ဩဂုတ်လ နောက်ဆုံးပိတ်က ပိတ်လိုက်ပြီး အခု ကျန်တဲ့ မြန်မာ တရုတ် နယ်စပ်ဂိတ်တွေကိုပါ ပိတ်ပင်နေတာ ဖြစ်ပါတယ်။

ပုံစာ – ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက တရုတ်မြန်မာနယ်စပ်ဂိတ်ကိုတွေ့ရစဉ်
Photo – CJ

ဆက်စပ် သတင်းများ

Most read