Homeပြည်တွင်းသတင်းအမေရိကန်နဲ့ တရုတ်တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့အရေးကို နှစ်နိုင်ငံလုံးက စိုးရိမ်ကြောင်း ထည့်သွင်း ပြောဆို

အမေရိကန်နဲ့ တရုတ်တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ့အရေးကို နှစ်နိုင်ငံလုံးက စိုးရိမ်ကြောင်း ထည့်သွင်း ပြောဆို

၂၉ ဩဂုတ်၊ ၂၀၂၄

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ မြန်မာနိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေက ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ပတ်သတ်ပြီး နှစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၂၇ နဲ့ ၂၈ ရက်က တရုတ်နိုင်ငံပေကျင်းမြို့မှာ အမေရိကန်အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့တွေ့ဆုံပြီး နိုင်ငံတကာအရေးနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေအကြောင်း သံတမန်အဆင့် ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲမှာ ယူကရိန်း၊ ထိုင်ဝမ်အရေးစတဲ့ နှစ်နိုင်ငံ သံတမန်ရေးရာဆွေးနွေးမှုတွေအပြင် မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေရဲ့ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ပတ်သတ်ပြီး နှစ်နိုင်ငံလုံးက စိုးရိမ် ပူပန်နေကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ပါတယ်။

ဩဂုတ်လလယ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နှစ်ရက်တာခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအတိုင်ပင်ခံJake Sullivan ကလည်း မကြာသေးခင်က NUG ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် NUCC နဲ့တိုင်းရင်းသားတော်လှန်ရေး အင်အားစုခေါင်း ဆောင်တွေနဲ့အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆွေးနွေးပွဲမှာ မကြာခင် နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ တွေ့ဆုံဖို့လည်း ထည့်သွင်းဆွေးနွေးကြပြီး အင်ဒို ပစိဖိတ်ဒေသတွင်းက နှစ်ဖက် စစ်ရေးခေါင်းဆောင်တွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ ဗီဒီယိုခေါ်ဆိုမှုတွေ ပြုလုပ်ဖို့လည်း နှစ်ဖက်သဘောတူညီမှုရခဲ့တယ်လို့ တရုတ် အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ-( Jake Sullivan နဲ့ Wang Yi တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကဘန်ကောက်မှာ တွေ့ဆုံစဉ်)
Photo – scmp

ဆက်စပ် သတင်းများ

Most read