Homeပြည်တွင်းသတင်းဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆိုကြောင်း အမေရိကန် အစိုးရထုတ်ပြန်

ဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည်လွတ်မြောက်လာတဲ့အတွက် ကြိုဆိုကြောင်း အမေရိကန် အစိုးရထုတ်ပြန်

၂၄ ဇူလိုင်၊ ၂၀၂၄

စစ်ကောင်စီက မတရားစွပ်စွဲချက်တွေနဲ့ဖမ်းဆီးအကျဉ်းချခဲ့တဲ့ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် လွတ်မြောက်လာတဲ့တွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ကြောင်း ဇူလိုင်လ ၂၃ ရက်က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“Rev. Dr. Samson သည် ထင်ရှားပြီး လေးစားဖွယ်ကောင်းသော ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်အတွက် သတ္တိရှိရှိ လုပ်ဆောင်ခြင်းပါ၀င်သည်။ သူနောက်ဆုံးတော့ သူ့မိသားစုကို အိမ်ပြန်ပြီး သူ့ရဲ့အရေးကြီးတဲ့အလုပ်တွေကို ဆက်လုပ်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။” လို့ အမေရိကန်အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက မြန်မာစစ်ကောင်စီအနေနဲ့ ဘာသာရေးသမား၊ ဘာသာရေးအသိုင်းအဝိုင်း၊ ဘာသာရေးနေရာ နဲ့ ဝတ်ပြုရာအိမ်တွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကိုအဆုံးသတ်ပေးဖို့ ထည့်သွင်း တောင်းဆိုသွားပါတယ်။ စစ်ကောင်စီက အကျဉ်းချထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဒီမိုကရေစီနည်းနဲ့ ရွေးခြယ်ခံထားရတဲ့နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ လူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ ၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့နဲ့ လူ့သားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိဝင်ရောက်ခွင့်ရဖို့ နဲ့ မြန်မာတပြည်လုံးလိုချင်နေတဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို လေးစားလိုက်နာဖို့လည်း တိုက်တွန်းကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေနဲ့ပတ်သတ်ပြီး ဒေါက်တာ ခလမ်ဆန်ဆွန်ဟာ ၂၀၁၉ ခုနှစ်က အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်ကို ကိုယ်တိုင်သွားရောက်ပြီး အမေရိကန်သမ္မတ Donald Trump ကို တင်ပြခဲ့ဖူးပါတယ်။ ဒေါက်တာ ခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ပုဒ်မ၁၇(၁)၊ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂(က) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပေမဲ့ ၂၀၂၄ခုနှစ် ဧပြီ ၁၇ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၂၄ နာရီအတွင်း ပြန်ဖမ်းသွားတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – KBC kachin (ဧပြီလ ၁၇ ရက်နေ့က ဒေါက်တာခလမ်ဆမ်ဆွန်ပြန်လည် လွတ်မြောက်လာသည်ကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ

Most read