Homeပြည်တွင်းသတင်းမန္တလေးမြို့လယ်ခေါင်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ ပြောက်ကျားသပိတ်ပြုလုပ်

မန္တလေးမြို့လယ်ခေါင်မှာ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ ပြောက်ကျားသပိတ်ပြုလုပ်

၂၂ ဇူလိုင်၊ ၂၀၂၄

နွေဦးတော်လှန်ရေးမှာ အစောဆုံး ဆန္ဒပြခဲ့တဲ့ လူထုခေါင်းဆောင် ဒေါက်တာ တေဇာဆန်းက ဒီနေ့ ဇူလိုင်လ ၂၂ ရက် မန္တလေးမြို့လယ်မှာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့တဲ့ ပုံတွေကို သူ့ရဲ့ လူမှုကွန်ယက်မှာ မကြာသေးမီက တင်လိုက်ပါတယ်။ ပုံစာမှာလည်း ” ဒီဓာတ်ပုံလေးတွေကတော့ ဒီရက်တွေတွင်း သူ့ရွှေမန်းမြေမှာ ပြန်တွေ့ရတဲ့ အရေးတော်ပုံ တပ်သားကြီးပါ” လို့ ရေးထိုးထားပါတယ်။

ဒေါက်တာတေဇာဆန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း” သို့မဟုတ် ရွှေမန်းမြေမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုများ လို့ ခေါင်းစဉ်တပ်ပြီး လူထုတစ်ရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒေါက်တာ တေဇာဆန်းကို အားပေးထောက်ခံနေတဲ့ကွန်မန့်တွေ အများအပြားတွေ့ရပြီး တစ်ယောက်က လက်သုံးချောင်းထောင်ပြီး မဝန်းရံနိုင်ပေမဲ့ ခေါင်းငုံ့အလေးပြုခဲ့ကြောင်း ၊ စိတ်ထဲ တနုံ့နုံ့နဲ့ သွေးတွေ ချက်ချင်းပွက်လာကြောင်း ၊ တချို့မိန်းကလေးတွေ ကြောက်လို့ ပြန်ထွက်သွားတာကို တွေ့ရကြောင်း ဝင်ရောက်ရေးသားခဲ့တာကို တွေ့ရပါတယ်။

ဒေါက်တာတေဇာဆန်း ဆန္ဒပြပြီးနောက်မှာ မန္တလေးတစ်မြို့လုံးကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး စစ်ကား ၊ ရဲကား ၊ အရပ်ဝတ်တွေနဲ့ လှည့်လည်စစ်ဆေးနေတယ်လို့ မန္တလေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ဘာလို့လဲ မသိဘူး ။ တညနေလုံး ကားတွေနဲ့ ရပ်ကွက်တွေထဲထိ လှည့်နေတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေကိုလည်း စစ်သားတွေ ဝင်ထွက်နေတာ ထူးဆန်းတယ်လို့ တွေးနေတာ အခုမှ ဒေါက်တာတေဇာဆန်းရောက်နေတာ သိရတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒေါက်တာတေဇာဆန်းက “ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်” လို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most read