ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေ မြင့်တက်လာနေချိန်မှာ ထိုင်ဝမ်အစိုးရက ၂၀၂၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၁၈ ရာခိုင်နှုန်း တိုးမြှင့်ပြီး ထိုင်ဝမ်ဒေါ်လာ ၁.၁၂၂၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလျံခန့်) သုံးစွဲဖို့ အဆိုပြုလိုက်ပါတယ်။ ဒီပမာဏဟာ ထိုင်ဝမ်သမိုင်းမှာ ပထမဆုံးအကြိမ် ထိုင်ဝမ်ဒေါ်လာ ၁ ထရီလျံကျော်သွားမယ့် ကာကွယ်ရေးဘတ်ဂျက် ဖြစ်ပါတယ်။
အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ထိုင်ဝမ်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၃ ရာခိုင်နှုန်းကျော် ရှိလာမှာဖြစ်ပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေ အပါအဝင် လက်နက်နဲ့ စစ်ရေးစနစ်တွေ တိုးမြှင့်ဝယ်ယူဖို့ ပါဝင်ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ယခင်က လွှတ်တော်ခွင့်ပြုချက် မရခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည်ဝယ်ယူရေး အသုံးစရိတ်တွေကို အခုဘတ်ဂျက်ထဲ ထပ်မံထည့်သွင်းထားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် သမ္မတ လိုင်ချင်းတယ် ရဲ့ အစိုးရဟာ အတိုက်အခံတွေ အများစု ထိန်းချုပ်ထားတဲ့ လွှတ်တော်နဲ့ ရင်ဆိုင်နေရပါတယ်။ ထိုင်ဝမ်ရဲ့ အဓိကအတိုက်အခံပါတီနှစ်ခုက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တာကို အခြေခံအားဖြင့် ထောက်ခံပေမယ့် အစိုးရကို အသေးစိတ်မစစ်ဆေးဘဲ ဘတ်ဂျက်အပြည့်အဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့ မေလမှာ လွှတ်တော်က အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ တန်ဖိုးရှိ အပိုကာကွယ်ရေးအသုံးစရိတ်ကို ခွင့်ပြုခဲ့ပေမယ့် အစိုးရတောင်းဆိုထားတဲ့ ပမာဏရဲ့ သုံးပုံနှစ်ပုံခန့်ပဲ ရရှိခဲ့ပြီး ပြည်တွင်းထုတ် ဒရုန်းအစီအစဉ်လို အသုံးစရိတ်တချို့ကို ဖယ်ထားခဲ့ပါတယ်။
၂၀၂၇ ဘတ်ဂျက်ထဲမှာ စစ်မှုထမ်းဟောင်းတွေအတွက် အသုံးစရိတ်နဲ့ ထိုင်ဝမ်ပင်လယ်ပြင်ကို ကာကွယ်ရာမှာ ရေတပ်အရန်အင်အားအဖြစ် လုပ်ဆောင်နေတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် အသုံးစရိတ်တွေလည်း ပါဝင်ပါတယ်။
ထိုင်ဝမ်အစိုးရက စစ်တပ်ခေတ်မီရေးကို အဓိကမူဝါဒတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်မှာပဲ ထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောတွေအပါအဝင် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ဖို့ ဆက်လက်ရင်းနှီးမြှုပ်နှံနေပါတယ်။ အမေရိကန်ကလည်း ဥရောပမဟာမိတ်နိုင်ငံတွေကို ဖိအားပေးနေသလို ထိုင်ဝမ်ကိုလည်း ကိုယ်ပိုင်ကာကွယ်ရေးအသုံးစရိတ် ပိုတိုးဖို့ တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံက ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ကိုယ့်ပိုင်နက်လို့ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်းပတ်ဝန်းကျင် ပင်လယ်နဲ့ လေကြောင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ နီးပါးနေ့စဉ် ပြုလုပ်လာပါတယ်။ ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အဆိုကို ပယ်ချထားပါတယ်။
ထိုင်ဝမ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ Han Kuang နှစ်စဉ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး တရုတ်ဘက်က ပင်လယ်ပြင်ပိတ်ဆို့မှု လုပ်လာနိုင်တဲ့ အခြေအနေကို ဘယ်လိုဖောက်ထွက်မလဲဆိုတာအပါအဝင် စစ်ပွဲအခြေအနေမျိုးစုံကို လေ့ကျင့်ခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီလေ့ကျင့်မှုကို စစ်ပွဲကြောက်ရွံ့မှု ဖန်တီးတဲ့ အလဟဿလုပ်ရပ်လို့ ဝေဖန်ထားပါတယ်။

