ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့မှာ အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူအမျိုးသမီးတစ်ဦးကို ဒဏ်ရာတွေနဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ အခြေအနေမှာ တွေ့ရှိခဲ့ပြီး မယ်ဆိုင်ဆေးရုံကို ပို့ဆောင်ကုသပေးထားတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
Mariia Mikhailovna အမည်ရှိ အဲဒီအမျိုးသမီးဟာ ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံဘက်ကို ရွှေ့ပြောင်းခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံကို ရောက်ပြီးနောက် ရန်ကုန်၊ မန္တလေးနဲ့ တာချီလိတ်တို့ကို ပို့ဆောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သူမရဲ့ ပြောဆိုချက်အရ အဲဒီနေရာတွေမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံခဲ့ရပြီး နောက်ဆုံးမှာ တာချီလိတ်ကနေ မယ်ဆိုင်ချောင်းကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဘက်ရောက်ပြီးနောက် ပစ်ကပ်ကားမောင်းသူတစ်ဦးဆီ အကူအညီတောင်းကာ မယ်ဆိုင် Tesco Lotus ကားပါကင်အထိ လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က သူမကို တွေ့ရှိချိန်မှာ ထိတ်လန့်ကြောက်ရွံ့ပြီး ငိုကြွေးနေသလို လက်နဲ့ ခြေထောက်တွေမှာလည်း ညိုမည်းဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ဘယ်အလုပ်လုပ်ခဲ့တယ်၊ ဘယ်သူတွေနဲ့ လုပ်ကိုင်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကနဦးအားဖြင့် သူမဟာ အွန်လိုင်းလိမ်လည်ရေး Call Center ဒါမှမဟုတ် Scam လုပ်ငန်းဂိုဏ်းတစ်ခုရဲ့ လှည့်ဖြားခေါ်ဆောင်မှုနဲ့ အတင်းအကျပ် အလုပ်လုပ်ခိုင်းခံခဲ့ရနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ယူဆထားပေမယ့် အတည်ပြုထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ သူမကို ဆေးကုသပေးထားပြီး ရုရှားနိုင်ငံကို ပြန်လိုကြောင်းနဲ့ မိခင်ကို ဆက်သွယ်လိုကြောင်း ပြောထားပါတယ်။ ထိုင်းအာဏာပိုင်တွေက ရုရှားသံရုံးကို အကြောင်းကြားပြီး ဆက်လက်စစ်ဆေးမေးမြန်းသွားမယ်လို့ သိရပါတယ်။

