၃ ဩဂုတ် ၂၀၂၆ | New Day Myanmar
နေပြည်တော် ဥတ္တရသီရိဆေးရုံမှာ ဇူလိုင် ၃၁ ရက်ညပိုင်းကစပြီး ရေဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဟာ အများပြည်သူအသုံးပြုတဲ့ အဆောက်အအုံတွေကို ဘယ်လောက်စနစ်တကျ ဒီဇိုင်းဆွဲပြီး စီမံတည်ဆောက်ဖို့ လိုအပ်သလဲဆိုတာ မီးမောင်းထိုးပြနေတယ်လို့ အင်ဂျင်နီယာပညာရှင်အချို့က လူမှုကွန်ရက်ကတစ်ဆင့် ထောက်ပြထားပါတယ်။
အများပြည်သူသုံးအဆောက်အအုံတွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း၊ ရုံးနဲ့ ဈေးဝယ်စင်တာတွေဟာ လူအများအသုံးပြုရတဲ့ အဆောက်အအုံတွေဖြစ်တာကြောင့် လုံခြုံရေး၊ အသုံးပြုရလွယ်ကူမှု၊ တာရှည်ခံနိုင်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိမှုတို့ကို စီမံကိန်းအစကတည်းက ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ဆေးရုံတွေဟာ ငလျင်နဲ့ ရေကြီးမှုလို သဘာဝဘေးအန္တရာယ်တွေ ကြုံလာချိန်မှာတောင် ဆက်လက်လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အရေးကြီးအဆောက်အအုံတွေ ဖြစ်ပါတယ်။ မြို့တစ်မြို့ အရေးပေါ်အခြေအနေကြုံလာချိန် လူနာတွေကို ကုသကယ်ဆယ်ပေးနိုင်ဖို့ ဆေးရုံတွေဟာ မပျက်စီးဘဲ ဆက်လက်ရပ်တည်နေနိုင်ရမယ်လို့ အင်ဂျင်နီယာအချို့က သုံးသပ်ထားပါတယ်။
ဆေးရုံတစ်ရုံ တည်ဆောက်ရာမှာ မြေနေရာရွေးချယ်တာကစပြီး ငလျင်ဒဏ်၊ ရေကြီးနိုင်ခြေ၊ မီးဘေးအန္တရာယ်၊ အရေးပေါ်ထွက်ပေါက်၊ မသန်စွမ်းသူတွေအတွက် အသုံးပြုနိုင်မယ့် လမ်းကြောင်းနဲ့ ဓာတ်လှေကားစနစ်၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ ရောဂါပိုးမပြန့်ပွားစေမယ့် သန့်ရှင်းရေးစနစ်နဲ့ အမှိုက်၊ ရေဆိုးစွန့်ပစ်စနစ်တွေကို စံချိန်စံညွှန်းတွေအတိုင်း ထည့်သွင်းစီမံရမယ်လို့ ဖော်ပြထားပါတယ်။
လူနာအများအပြား တစ်ပြိုင်နက်ရောက်ရှိလာတဲ့ အရေးပေါ်အခြေအနေမျိုးမှာ လူနာတင်ယာဉ်တွေ ဝင်ထွက်ရလွယ်ကူအောင် အရေးပေါ်ကုသခန်း နေရာချထားပုံ၊ လူနာနဲ့ ဝန်ထမ်းတွေ သွားလာမှုလမ်းကြောင်းနဲ့ နေရာခွဲဝေစီမံမှုတွေကိုလည်း ကြိုတင်တွက်ချက်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံတွေကို အဆောက်အအုံဆိုင်ရာစည်းမျဉ်း၊ ငလျင်ဒဏ်ခံစည်းမျဉ်းနဲ့ မီးဘေးလုံခြုံရေးစည်းမျဉ်းတွေကို လိုက်နာပြီး တည်ဆောက်ရေးလုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းစီမံတည်ဆောက်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဥတ္တရသီရိဆေးရုံ ရေဘေးဖြစ်စဉ်ဟာ ဆေးရုံအပါအဝင် အများပြည်သူသုံးအဆောက်အအုံတွေကို ရေရှည်အသုံးပြုနိုင်ပြီး သဘာဝဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိစေဖို့ စီမံကိန်းရေးဆွဲတာနဲ့ စီမံခန့်ခွဲတာတွေကို စတင်တည်ဆောက်ချိန်ကတည်းက အလေးထားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။


