၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မယ်ကွန်ကဲန်ကျေးရွာတဘက်ကမ်းရှိ မြန်မာနိုင်ငံဘက်ခြမ်းမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ ဇူလိုင် ၂၉ ရက် ထိုင်းစံတော်ချိန် ညနေ ၆ နာရီ ၄၄ မိနစ်ခန့်မှာ စစ်တပ်တိုက်လေယာဉ်က တိုက်ပွဲဖြစ်ပွားရာနေရာကို အရွယ်အစားကြီးမားတဲ့ ဗုံးတလုံး ကြဲချခဲ့တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ မြေပြင်မှာလည်း စစ်တပ်နဲ့ KNLA တပ်ဖွဲ့တွေကြား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်နေတယ်လို့ မဲဆောက်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မင်းလက်ပံကျေးရွာနဲ့ အနီးဝန်းကျင်ဖြစ်ပြီး ထိုင်းနိုင်ငံ မဟာဝမ်ကျေးရွာအုပ်စုက မယ်ကွန်ကဲန်နဲ့ ဟွေ့မဟာဝေါင်ကျေးရွာတွေရဲ့ တဘက်ကမ်းမှာ တည်ရှိပါတယ်။
အဲဒီဒေသမှာ စစ်တပ် လက်အောက်ခံ တပ်မ ၂၂ နဲ့ KNLA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က ဒရုန်း၊ တိုက်လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး KNLA စခန်းတွေကို ထိုးစစ်ဆင်နေပါတယ်။
ဇူလိုင် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း M60 စက်သေနတ်ကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းအထိ ကျရောက်ပြီး ဒေသခံတွေရဲ့ နေအိမ်နဲ့ သွပ်ခြံစည်းရိုးတွေ ထိမှန်ခဲ့တာကြောင့် ထိုင်းရွာသားတွေ ဘေးလွတ်ရာမှာ ပုန်းခိုခဲ့ရပါတယ်။
လက်ရှိလေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုရှိ၊ မရှိနဲ့ လက်နက်ကျည်တွေ ထိုင်းနိုင်ငံဘက် ထပ်မံကျရောက်မှုရှိ၊ မရှိကို မသိရသေးပါဘူး။


