Homeပြည်တွင်းသတင်းမြေရှားသတ္တုနဲ့ မဟာဗျူဟာဓာတ်သတ္တုကဏ္ဍတွင် မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ စိတ်ဝင်စား

မြေရှားသတ္တုနဲ့ မဟာဗျူဟာဓာတ်သတ္တုကဏ္ဍတွင် မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ စိတ်ဝင်စား

၂ ဇွန် ၂၀၂၆ | New Day Myanmar

မြေရှားသတ္တု (Rare Earth) နဲ့ အခြား မဟာဗျူဟာအရ အရေးပါတဲ့ ဓာတ်သတ္တုတွေ ရှာဖွေထုတ်လုပ်ရေးကဏ္ဍမှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ မြန်မာဘက်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဇွန် ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အဆိုပါကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူး ဗစ်ခ်ရမ် မစ်စရီက အတည်ပြုခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီဆွေးနွေးမှုတွေထဲမှာ မြေရှားသတ္တုနဲ့ အခြား မဟာဗျူဟာဓာတ်သတ္တုတွေ ပူးပေါင်းဖော်ထုတ်ရေးကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း၊ အဆိုပါကဏ္ဍနဲ့ ပတ်သက်ပြီး နှစ်ဖက်အကြား အချိန်အတော်ကြာ ဆွေးနွေးမှုတွေ ရှိနေခဲ့ပြီးဖြစ်ကြောင်း မစ်စရီက ပြောပါတယ်။

“မြေရှားသတ္တုကဏ္ဍနဲ့ ပတ်သက်ပြီး အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဖို့ နားလည်မှု ရရှိခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်းရှိ မြေရှားသတ္တုလုပ်ကွက်တွေကို အိန္ဒိယကုမ္ပဏီတွေက တိုက်ရိုက်ထုတ်လုပ်ခွင့်ရရှိခဲ့တယ်ဆိုတဲ့ သဘောတူညီချက်မျိုးကိုတော့ အိန္ဒိယဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသလို အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

မြေရှားသတ္တုတွေဟာ မိုဘိုင်းဖုန်းချစ်ပ်တွေ၊ လျှပ်စစ်ကားတွေ၊ သန့်စင်စွမ်းအင်နည်းပညာတွေကနေ မျိုးဆက်သစ် စစ်ဘက်နည်းပညာတွေထိ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းတွေဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဟာ မြေရှားသတ္တု သန့်စင်ထုတ်လုပ်ရေးနဲ့ ကမ္ဘာ့တင်ပို့မှုဈေးကွက်ကို အဓိက ထိန်းချုပ်ထားတာကြောင့် အိန္ဒိယအပါအဝင် စက်မှုအင်အားကြီးနိုင်ငံတွေဟာ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ဖို့ အခြားအရင်းအမြစ်တွေကို ရှာဖွေနေကြပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြေရှားသတ္တုသိုက်တွေ အများအပြား တည်ရှိနေပြီး လက်ရှိထုတ်လုပ်ရရှိတဲ့ သတ္တုရိုင်းအများစုကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။

မြေရှားသတ္တု အများဆုံးထုတ်လုပ်နေတဲ့ ကချင်ပြည်နယ် ပန်ဝါဒေသကို လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းအများစုဟာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ရှိနေပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း မစ်စရီက ပြောပါတယ်။

အိန္ဒိယဘက်ကတော့ စစ်လက်နက်ရောင်းချရေးထက် လေ့ကျင့်သင်ကြားရေး၊ စွမ်းရည်မြှင့်တင်ရေးနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီတဲ့ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ရေးတွေကိုသာ အဓိက အလေးထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ ကီလိုမီတာ ၁,၆၄၃ ကျော် ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့အတွက် နယ်စပ်လုံခြုံရေး၊ တရားမဝင်ကုန်ကူးမှုနဲ့ ဒေသတွင်းတည်ငြိမ်ရေး ကိစ္စတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း အိန္ဒိယဘက်က ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်နဲ့ နာရန်ဒြာ မိုဒီတို့ဟာ ဇွန် ၁ ရက်နေ့က နယူးဒေလီမြို့ရှိ Hyderabad House မှာ တွေ့ဆုံခဲ့ကြပြီး ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္တုကဏ္ဍ၊ ကုန်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်း အိန္ဒိယအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

မိုဒီက မင်းအောင်လှိုင်ကို “မြန်မာနိုင်ငံ သမ္မတ” အဖြစ် သုံးနှုန်းဖော်ပြခဲ့တာကြောင့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို မြန်မာပြည်သူအများအပြားကလည်း လူမှုကွန်ရက်ပေါ်မှာ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ မေ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံကို လေးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး