Homeပြည်တွင်းသတင်းအတင်းအကြပ် စစ်မှုထမ်းခိုင်းတာကြောင့် မြန်မာလုပ်သားထု လူကုန်ကူးခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရဟု ရွှေဘိုသပိတ်အင်အားစု သတိပေး

အတင်းအကြပ် စစ်မှုထမ်းခိုင်းတာကြောင့် မြန်မာလုပ်သားထု လူကုန်ကူးခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရဟု ရွှေဘိုသပိတ်အင်အားစု သတိပေး

၃၀ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေနေတာနဲ့ နယ်မြေမလုံခြုံမှုတွေကြောင့် အလုပ်သမားနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမည့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေဘက်ကို တွန်းပို့ခံနေရတယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဒီကနေ့ ဧပြီ ၃၀ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

မနက်ဖြန် ကျရောက်မယ့် International Workers’ Day (အလုပ်သမားနေ့) အကြိုလှုပ်ရှားမှုအဖြစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ လက်ရှိ အလုပ်သမားထု ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို အထူးထောက်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အတင်းအကြပ် စစ်မှုထမ်းဖို့ စုဆောင်းခံရတာနဲ့ ငွေညှစ်ခံရမှုတွေကို ရှောင်ရှားဖို့ လူငယ်တွေနဲ့ အလုပ်သမားတွေဟာ နည်းလမ်းမျိုးစုံနဲ့ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းနေကြပြီး အဲဒီလိုထွက်ခွာရာမှာ တရားမဝင်လမ်းကြောင်းတွေကို အသုံးပြုရတာကြောင့် လူကုန်ကူးခံရနိုင်ခြေ ပိုမိုမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် အကာအကွယ်မဲ့ပြီး မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေထဲ ဝင်ရောက်သွားတာ၊ ပြည်တွင်းမှာလည်း ကြောက်ရွံ့မှုနဲ့ မတည်ငြိမ်မှုတွေ ပိုမိုပြင်းထန်လာတာတွေ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ခလစာမလုံလောက်တာ၊ အခြေခံအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ၊ အလုပ်သမားသမဂ္ဂဝင်တွေ ဖမ်းဆီးခံရတာနဲ့ အကြမ်းဖက်မှုတွေကြုံနေရတာတွေကိုလည်း တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။

ထို့အပြင် ကျေးလက်ဒေသတွေမှာ အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာ၊ အကြွေးနွံနစ်မှုတွေကြောင့် လယ်သမားတွေ အခက်အခဲကြုံနေရတာနဲ့ စီးပွားရေးအခြေအနေကြောင့် ကလေးလုပ်သားအရေအတွက် တိုးလာတာတို့ကိုလည်း ထောက်ပြထားပါတယ်။

ရွှေဘိုမြို့နယ် သပိတ်အင်အားစုက အလုပ်သမားအခွင့်အရေးတွေ ပြန်လည်ရရှိရေး၊ ဖိနှိပ်မှုတွေ ချက်ချင်းရပ်တန့်ရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို နိုင်ငံတကာက ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းထားပါတယ်။

အကျပ်အတည်းများစွာ ရှိနေသော်လည်း အလုပ်သမားနဲ့ လယ်သမားထုရဲ့ ခုခံတွန်းလှန်မှုစိတ်ဓာတ်ဟာ ဆက်လက်ခိုင်မာနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး