Homeပြည်တွင်းသတင်းမိုင်းဆတ်တောင်ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသူ မြန်မာအလုပ်သမားများအား ကျွန်ပြုခိုင်းစေမှုများရှိနေ

မိုင်းဆတ်တောင်ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသူ မြန်မာအလုပ်သမားများအား ကျွန်ပြုခိုင်းစေမှုများရှိနေ

၁၉ မေ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေတဲ့ မြေရှားသတ္တုတွင်းတွေမှာ တာချီလိတ်မြို့ကနေ လူကုန်ကူးခံရတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းက မြန်မာအလုပ်သမားတွေကို ကျွန်ပြုခိုင်းစေနေတယ်လို့ အဲ့ဒီကနေ လွတ်မြောက်လာသူတစ်ဦးက ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းကို ထုတ်ဖော်ပြောကြားလာတယ်လို့ သိရပါတယ်။

လူကုန်ကူးမှုကနေ လွတ်မြောက်လာသူ ကိုသက် (အမည်လွှဲ) ဟာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း တာချီလိတ်မြို့ရှိ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ‘ရောင်နီဦး’ ဝင်းအတွင်းမှာရှိတဲ့ တရုတ်အွန်လိုင်းငွေလိမ်ကုမ္ပဏီတစ်ခုကနေတစ်ဆင့် လူကုန်ကူးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာ အဲ့ဒီကုမ္ပဏီရဲ့ စာရင်းကိုင်ဌာနမှာ လုပ်ကိုင်နေစဉ် တရုတ်လူမျိုး ကြီးကြပ်သူရဲ့ မတရားစွပ်စွဲမှုကြောင့် ပြစ်ဒဏ်အဖြစ် အခကြေးငွေမရဘဲ အွန်လိုင်းကနေတစ်ဆင့် ငွေလိမ်ရတဲ့အလုပ်ကို အဓမ္မခိုင်းစေခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သုံးလအကြာမှာ ၎င်းအပါ ၃ ဦးကို မြန်မာရဲအရာရှိတစ်ဦးက ကားနဲ့ မိုင်းဆတ်တောင်ပိုင်းက မိုင်းယွန်းကို ပို့ဆောင်ကာ UWSA စစ်သားတွေဆီကို လွှဲပြောင်းပေးခဲ့ပြီးနောက် ထိုင်းနယ်စပ်အနီးက နမ့်ခုတ်မြစ် အရှေ့ဘက်ကမ်းရှိ တရုတ်မြေရှားသတ္တုတွင်းကို ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပို့ဆောင်ခံရတဲ့ အမျိုးသား ၃ ဦးကို သံခြေကျင်းခတ်ထားသူတွေ အပါအဝင် UWSA အကျဉ်းသား ၃၀ ခန့်နဲ့အတူ သတ္တုတွင်းမှာ ချုပ်နှောင်ထားပြီး မြေတူးခြင်းနဲ့ ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းပြင်းထန်တဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်ခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ၎င်းတို့ကို အခြားပုံမှန်အလုပ်သမား ၁၀၀ ခန့်နဲ့ သီးခြားခွဲထားပြီး UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေတယ်လို့ ဆိုပါတယ်။

၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပြန်လည်ဖမ်းဆီးခံရကာ ရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး မိုင်းပေါက်ရှိ အခြားသတ္တုတွင်းတစ်ခုကို ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်းနဲ့ ၎င်းမှာ မိုင်းယွန်းသတ္တုတွင်းမှာ ၂ လခန့် အလုပ်လုပ်ခဲ့ရပြီးနောက် ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး