၂၀ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာရှိတဲ့ Barksdale လေတပ်စခန်းအပေါ် ခွင့်ပြုချက်မရှိတဲ့ ဒရုန်းတွေ အုပ်စုလိုက် ပျံသန်းဝင်ရောက်လာတဲ့ ဖြစ်စဉ်တခု မတ်လအတွင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစခန်းဟာ အမေရိကန်ရဲ့ နျူကလီးယားဟန့်တားရေးစနစ်အတွက် အရေးပါတဲ့ စခန်းတခုဖြစ်ပြီး B-52 ဘုံးကြဲလေယာဉ်တွေ အခြေစိုက်ရာနေရာလည်း ဖြစ်ပါတယ်။
သတင်းအချက်အလက်တွေအရ မတ်လ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တပတ်လောက် ကြာမြင့်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ တကြိမ်ကို ဒရုန်း ၁၂ စီးကနေ ၁၅ စီးအထိ ပါဝင်တဲ့ အုပ်စုတွေဟာ စခန်းအတွင်း အကြိမ်ကြိမ် ဝင်ရောက်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၉ ရက်နေ့မှာတော့ အခြေအနေကို စိုးရိမ်ရတယ်လို့ သတ်မှတ်ပြီး စခန်းတခုလုံးကို shelter-in-place အမိန့် ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒရုန်းတွေဟာ တနေ့ကို ပျမ်းမျှ ၄ နာရီလောက် လှုပ်ရှားခဲ့ပြီး ဝင်ရောက်တဲ့လမ်းကြောင်းတွေကို အမျိုးမျိုး ပြောင်းလဲအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ လေယာဉ်ပြေးလမ်းအနီးနဲ့ အထိခိုက်မခံတဲ့ နေရာတွေမှာ စုရုံးပျံသန်းတာတွေရှိခဲ့ပြီးနောက် စခန်းတလျှောက် ဖြန့်ကျက်သွားတဲ့ ပုံစံတွေ တွေ့ရတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ ဒီဒရုန်းတွေဟာ သာမန်အရပ်သုံး ဒရုန်းတွေမဟုတ်ဘဲ စီးပွားဖြစ်အချက်ပြစနစ်တွေနဲ့ မတူတဲ့ ဆက်သွယ်ရေးပုံစံတွေ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ တာဝေးထိန်းချုပ်နိုင်တဲ့ စနစ်တွေ ပါဝင်နေသလို အချက်ပြလှိုင်းနှောင့်ယှက်တာတွေကိုလည်း ခံနိုင်ရည်ရှိတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်ဟာ အမေရိကန်ရဲ့ ဗျူဟာမြောက် စစ်ဘက်အခြေခံအဆောက်အအုံကို စမ်းသပ်ထောက်လှမ်းတဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အမေရိကန်လေတပ်ဘက်ကတော့ စခန်းပေါ်မှာ ဒရုန်းပျံသန်းတာဟာ ဖက်ဒရယ်ဥပဒေအရ ရာဇဝတ်မှုဖြစ်တယ်လို့ သတိပေးထားပြီး ဝေဟင်ပိုင်နက်ကို အမြဲစောင့်ကြည့်နေတယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ FAA၊ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
လေ့လာသူတွေကတော့ Barksdale လေတပ်စခန်းလို နျူကလီးယားနဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ စခန်းတခုအပေါ် အခုလို ဒရုန်းအုပ်စုလိုက် ကျူးကျော်ပျံသန်းမှု ဖြစ်ပွားတာဟာ အမေရိကန်ရဲ့ ဒရုန်းဆန့်ကျင်ရေး လုံခြုံရေးစနစ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့ ထောက်ပြမှုတွေရှိနေပါတယ်။
ပုံစာ – အမေရိကန်ကုန်တင်လေယာဉ်တစ်စင်း အင်္ဂလန်နိုင်ငံ၊ Fairford တွင် မတ်လ 11 ရက်၊ 2026 ရက်နေ့တွင် US Air Force B-1 ဗုံးကြဲလေယာဉ်နှစ်စင်းနှင့်အတူ ဆင်းသက်လာစဉ်။
ဓါတ်ပုံ – Getty Images


