၁၇ မတ်လ ၂၀၂၆ | New Day Myanmar
ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA နဲ့ MNDAA ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မှာ တွေ့ဆုံနေကြတာ မှန်ကန်ကြောင်း ပြောထားပြီး ဆွေးနွေးပွဲကနေ အပစ်ရပ်ဖို့ သဘောတူညီမှုတချို့ ရရှိထားပြီလို့လည်း တအာင်းဘက်က သတင်းရင်းမြစ်က ပြောပါတယ်။
“နှစ်ဘက် စစ်ပွဲက ဒီနေ့က စပြီးရောက်ရာနေရာမှာ ရပ်နေပါပြီ။ ရလဒ်ကောင်းမွန်မယ်လို့လည်း ကြားသိရပါတယ်” လို့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိဆွေးနွေးမှုတွေကို ကောင်းမွန်တဲ့ လက္ခဏာတစ်ခုလို့ မြင်ထားပေမယ့် ရလဒ်ဘယ်လောက်မျှတမလဲဆိုတာ အရေးကြီးတယ်လို့လည်း သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။
ဒီနှစ်ဖက်တိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့မှာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေကြောင့် စတင်ခဲ့ပြီး မတ်လ ၁၄ ရက်မှာ MNDAA ဘက်က ထိုးစစ်ဆင်လာတာနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပါတယ်။
တိုက်ပွဲသုံးရက်အတွင်း MNDAA ဘက်က ကွတ်ခိုင်မြို့အပါအဝင် TNLA တပ်စခန်းတွေ အချို့ကို ထိန်းချုပ်ထားနိုင်ပြီး TNLA တပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထားတာတွေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မုံးစီး၊ နမ့်ခမ်း၊ မူဆယ် (၁၀၅) မိုင် စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး MNDAA ဘက်က ဒရုန်းနဲ့ ထိုးစစ်ဆင်တာတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ တော်လှန်ရေးအပေါ် ထိခိုက်မှုရှိနိုင်တာကြောင့် NUCC အပါအဝင် အဖွဲ့အစည်းအချို့ကလည်း တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (TCSN) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ကလည်း အချင်းချင်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
AA ဘက်ကလည်း နှစ်ဖက်ညှိနှိုင်းပြီး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။


